ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကတော့ သူ့အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တာဟာ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ အသေးစိတ်ကျတဲ့ လမ်းညွှန်မှုတွေကြောင့် ဖြစ်ကြောင်း ပြောကြားရင်း တန်ဟက်ဂ်ကို ချီးကျူးသွားခဲ့ပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ အဖွင့်ပွဲ ၂ပွဲစလုံး ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲစလုံးမှာ အနိုင်ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ထားနိုင်သူပါ။

Photo Credit: Metro

အဲရစ် တန်ဟက်ဂ်ဟာ ရလဒ်ကောင်းတွေ ရရှိဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ မက်ဂွိုင်းယား ၊ လုခ်ရှော ၊ ဖရက်ဒ် ၊ ဘစ္စကာ ၊ ရိုနယ်ဒို စတဲ့ ကစားသမားတွေကို ပွဲထွက်လူစာရင်း ကနေ ရဲရဲဝံ့ဝံ့ ချန်လှပ်ခဲ့သလို ဆန်ချို ၊ မာလာစီယာ ၊ ဒါးလော့ စတဲ့ ခြေစွမ်းခြေစ ရှိတဲ့ ကစားသမားတွေကိုလည်း ပုံမှန် ပွဲထွက်ခွင့် ပေးကာ ကစားခိုင်းခဲ့ပါတယ်။

အထူးသဖြင့် အဲရစ် တန်ဟက်ဂ်က ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆန်ချိုကို ဂရုတစိုက် လမ်းညွှန်မှုတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ညွှန်ကြားမှုတွေကြောင့် ဆန်ချိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲမှာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဆန်ချိုကလည်း သူဟာ တန်ဟက်ဂ်ရဲ့ အသေးစိတ်ကျတဲ့ လမ်းညွှန်မှုတွေကြောင့် တိုးတက်မှုတွေ ရှိလာကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Metro

ဆန်ချိုက – “ကျွန်တော်က နည်းပြကြီးဆီကနေ ပိုပြီး အသေးစိတ်ကျတဲ့ လမ်းညွှန်မှုတွေ ၊ အချက်အလက်တွေ ရခဲ့ပါတယ်။ ပြီးတော့ ကွင်းရဲ့ ဘယ်နေရာမှာ ရှိနေရင် ဘာလုပ်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ အစီအစဉ်တွေကိုလည်း သိခဲ့ရပါတယ်။ ဒါတွေကြောင့် ကျွန်တော်က ပိုပြီး တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်အောင် လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း အဲ့ဒီအတိုင်း ကစားနေကြပါတယ်။ ခင်ဗျားတို့တွေလည်း မြင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ကစားသမားတွေ တယောက်နဲ့ တယောက် နားလည်မှု ပိုရှိလာတာတွေ ၊ တယောက်ကို တယောက် ဖန်တီးပေးတာတွေကိုပေါ့။ ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေကလည်း တဦးနဲ့ တဦး ပိုပြီး တွဲဖက် လေ့ကျင့်နေကြပါတယ်။ ပြီးတော့ ကျွန်တော်တို့က နည်းပြကြီး ကစားခိုင်းတဲ့ ကစားနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။