လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းဆီ ပြောင်းရွှေ့မယ် လို့ သတင်းကြီးခဲ့တဲ့ ဆန်ချိုရဲ့ အနာဂတ်ဟာ အပြောင်းအရွှေ့ ရာသီ ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့ အမျှ ပိုမို လှုပ်ခတ်လာခဲ့သလို ဆန်ချိုနဲ့ ဒေါ့မွန်အသင်းရဲ့ လုပ်ရပ်တွေဟာလည်း အတော်ကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အဆိုပါ လုပ်ရပ်ကတော့ ယနေ့ည ၈နာရီမှာ စတင် ကစားတဲ့ ဒေါ့မွန်အသင်းနဲ့ ဖရိုင်းဘတ်အသင်းတို့ရဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဆန်ချို တစ်ယောက် ဒေါ့မွန်အသင်းရဲ့ လူစာရင်းထဲမှာ ပါဝင်လာခဲ့ခြင်း မရှိတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဆန်ချိုဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဂျာမန်စူပါဖလားပွဲစဉ် မှာလည်း ဒေါ့မွန်အသင်း အတွက် ပါဝင် ကစားပေးခြင်း မရှိခဲ့ပဲ အဆိုပါ အချိန်တုန်း ကတော့ ဆန်ချိုဟာ ဖျားနာနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာ ဖြစ်ကြောင်း ဒေါ့မွန်အသင်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဖရိုင်းဘတ်အသင်းနဲ့ ပွဲစဉ် မတိုင်မီမှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိသလို ဆန်ချိုဟာ ယမန်နေ့တုန်းက ဒေါ့မွန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆန်ချိုဟာ အပြောင်းအရွှေ့ ကိစ္စကြောင့် ဖရိုင်းဘတ်အသင်းနဲ့ ပွဲစဉ်မှာ မပါဝင်ခဲ့တာ ဖြစ်ကြောင်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။

Photo Credit: Standard

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ မန်ယူအသင်းရဲ့ နံပါတ်တစ် နွေရာသီ ပစ်မှတ် ဖြစ်ပြီး မန်ယူအသင်းဟာ သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက စတင် ကြိုးစားခဲ့တာ ဖြစ်ကာ လက်ရှိမှာ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိထားခဲ့တယ် လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိ ရပါတယ်။ ဒါပေမယ့် ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို မန်ယူအသင်းဘက်က ပေးချေနိုင်ခြင်း မရှိသေးပဲ နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဆန်ချို အတွက် စုစုပေါင်း တန်ကြေး ယူရို ၁၀၀ သန်း ရှိတဲ့ ကမ်းလှမ်းမှုနဲ့ ဒေါ့မွန်အသင်းဆီ မကြာခင်မှာ ကမ်းလှမ်းလာမယ် လို့ သိထား ရပါတယ်။ ဘောလုံး သုတေသီတွေ ကတော့ ဆန်ချိုကို အခုလို ချန်လှပ်ခဲ့တာဟာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ နီးစပ်နေတာကြောင့် ဖြစ်ကြောင်း သုံးသပ် ထားကြပါတယ်။