မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်အင့်စ်ဟာ ဒီနှစ်နွေစျေးကွက်ကမှ ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဂျေဒန်ဆန်ချိုရဲ့ ကစားပုံနဲ့ပတ်သတ်ပြီး အင်္ဂလိပ်ဘောလုံးကစားဟန်က FIFA Video Game ကစားနေသလို မဟုတ်ဘူးလို့ ထောက်ပြဝေဖန်သွားခဲ့ပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကိုလည်း အလားတူ အကြောင်းပြချက်နဲ့ပဲ ထပ်မံပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုနဲ့ တိုက်စစ်ကစားသမား မာစီယဲလ်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိုးထရက်ဖိုဒ့််မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ်မှာ ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြပေမယ့် အသင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့သလို အသင်းကလည်း အိမ်ကွင်းမှာပဲ ဝက်စ်ဟမ်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာနဲ့ ထွက််ခွာခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ကစားသမား(၂)ယောက်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်း ပေါလ်အင့်စ်က “ဆန်ချိုက ငယ်ရွှယ်သေးတယ် သူက သင်ယူစရာတွေ ကျန်ရှိနေသေးတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်”

Photo Credit : Metro

“ဒါပေမယ့် အခုဟာက FIFA Video Game ကို ကစားနေတာမှ မဟုတ်တာ။ ကစားသမား (၃၊၄)ယောက်ကို လိမ်ခေါက်သွားရုံ ခြေယောင်ပြသွားရုံနဲ့ မပြီးသွားဘူးလေ။ ဒါတွေကို မြင်ရတွေ့ရတာ ကြည့်လို့ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ပြတာကလွဲပြီး ကျန်တဲ့အရေးပါတဲ့ အရာတွေကို သူတို့မလုပ်ဆောင်နိုင်တော့သလိုပဲ။ ခင်ဗျားအနေနဲ့ ရိုင်ယန်ဂစ်လို ကစားသမားမျိုး ကစားနေတာကို ကြည့်လိုက်မယ်ဆိုရင် ပေးပို့မှုတွေလည်း မြင်ရမယ်။ 1-2 ပေးတာတွေ 1-1 ပေးတာတွေလည်း မြင်ရမယ်။ ကျွန်တော်တို့ ပြေးလွှားနေတဲ့အချိိန် ခြေထောက်ထဲမှာ ဘောလုံးကို ထားထားချင်တာ။ ပြီးရင် ခြေယောင်တာလေး အနည်းငယ်လောက် လုပ်ပြမယ်။ နောက်ပေါက်လေးတွေ လုပ်ပြမယ်ပေါ့။ ဒါတွေကို မာစီယဲလ်ဆီမှာ ကျွန်တော်မြင်ခဲ့ရတယ်။ လင်ဂတ်နဲ့ ဆန်ချိုတို့ဆီမှာတောင် မြင်ခဲ့ရပါသေးတယ်။ ဒါက ဘာလဲဆိုတော့ ဘောလုံးကစားတဲ့အခါမှာ အလိမ်အခေါက်တစ်ခုတည်းနဲ့ ကစားနေလို့ မဖြစ်ဘူးဆိုတာကို ပြသလိုက်တာပါပဲ။ တခါတလေမှာ သင့်အနေနဲ့ အသင်းဖော်တွေဆီကို ပေးပို့တာတွေ ဖြတ်တင်ပေးတာတွေ လုပ်ဆောင်ရမှာဖြစ်သလို သင့်ကိုယ်တိုင်ကလည်း ဘောလုံးနဲ့အတူ ပြိုင်ဘက်ရဲ့ ဧရိယာထဲကို ထိုးဖောက်ဝင်ရောက်သွားရပါလိမ့်မယ်။ ဒီပွဲမှာ မာစီယဲလ်ကလည်း သူရဲ့ပုံစံကို ကြည့်လိုက်မယ်ဆိုရင် သူဒီလိုပွဲမျိုးကို ပါဝင်မကစားချင်ဘူးဆိုတာ အရမ်းသိသာနေတယ်” လို့ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။