နွေအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ချယ်လ်ဆီးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ ဘုန်းမောက်နဲ့ ချယ်လ်ဆီးတို့ပွဲမှာ ဒုတိယပိုင်း ပွဲချိန်အတွင်း ပါဝင်ကစားရင်း ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်နိုင်ခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ဘယ်တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့အတွက် နွေဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာပဲ ချယ်လ်ဆီးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရင်း အခုဆိုရင် ဆန်ချိုက ချယ်လ်ဆီးအတွက် ပွဲကစားခွင့်ပါ ရရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Chelsea Photos

တကယ်တော့ ဆန်ချိုဆိုတာက ဒေါ့မွန်အသင်းနဲ့အတူ အတော်လေးကို တောက်ပခဲ့သူ ဖြစ်ပေမယ့် ဒေါ့မွန်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ ဒေါ့မွန်မှာလို ခြေစွမ်းမျိုးတွေ မပြသနိုင်တော့ပဲ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့အတွက်ကိုပါ ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းတော့ အသင်းနည်းပြနဲ့ပါ အဆင်မပြေ ဖြစ်လာလို့ အသင်းမှာ ကစားခွင့် မရှိတော့ပဲ အသင်းပါ ပြောင်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန် ရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မွန်ဆီကို အပြီးသတ် မပြောင်းနိုင်ခဲ့လို့ ယူနိုက်တက်ဆီ ပြန်လာရင်း တန်ဟက်ဂ်နဲ့လည်း ပြန်လည် အဆင်ပြေခဲ့ပေမယ့် အသင်းမှာက အနာဂတ် မရှိတော့တာကြောင့် အသင်းကနေ အငှားနဲ့ ထပ်မံ ထွက်ခွာခဲ့ပါတယ်။

Photo Credit: Chelsea Photos

ချယ်လ်ဆီးအသင်းဆီ အငှား+အပြီးသတ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုဟာ မနေ့ညက ဘုန်းမောက်နဲ့ပွဲမှာပဲ (၄၅)မိနစ် ပါဝင်ကစားခဲ့ရင်း ပွဲဦးထွက်မှာပဲ အန်ကွန်ကူရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆန်ချိုက “ဒီလို အခိုက်အတန့်ကို ရရှိဖို့အတွက် ကျွန်တော် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပါတယ်။ အခွင့်အရေး ရရှိခဲ့လို့လည်း ကျွန်တော် ဝမ်းသာမိပါတယ်။”

“ဒီနေရာမှာ ရှိနေရတာကိုလည်း အရမ်း ပျော်ရွှင်မိပါတယ်။ အသင်းက ဝန်ထမ်းတွေနဲ့ အသင်းဖော် ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ရမှာပါ။ ကျွန်တော် ဒီအသင်းကို ပထမဆုံးအကြိမ် စရောက်ချိန်ကတည်းက သူတို့အာလုံးရဲ့ လှိုက်လှိုက်လှဲလှဲ ဝိုင်းဝန်း ကြိုဆိုမှုကို ရခဲလို့ သက်တောင့်သက်သာ ခံစားမိရပါတယ်။ အရမ်း ပျော်ရွှင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။