ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ယူ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတာကြောင့် ဒေါ့မွန် အသင်းက လစ်ဇက်အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် မရခဲ့တာလို့ သိရပါတယ်။ ဒေါ့မွန်အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက လစ်ဇက်အသင်း ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရပြီး အဆိုပါပွဲစဉ်မှာ လက်ရှိရာသီ အသင်းရဲ့ အဓိက ကစားသမားလို့ ဆိုရမယ့် ဆန်ချိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အသက် ၁၇နှစ်အရွယ် လူငယ် ကစားသမားဖြစ်သူ ရေးနာကိုသာ ဆန်ချိုရဲ့ နေရာမှာ အသုံးပြုသွားခဲ့ပါတယ်။

Photo Credit: Standard

အသက်၂၀အရ​ွယ် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဒေါ့မွန်အသင်းအတ​ွက် ဘွန်ဒက်လီဂါပွဲစဉ် ၃၁ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ၁၆ဂိုးအထိ ဖန်တီးပေးထား နိုင်ခဲ့တာကြောင့် လစ်ဇက်အသင်းနဲ့ တွေ့ဆုံရတဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ ဆန်ချိုအစား အသက် ၁၇ နှစ် အရွယ် ရေးနာကို အသုံးပြုခဲ့တာက ဆန်ချိုနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားက အနေအထားကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သတ်ပြီး လူတိုင်းက သိရှိလို နေကြပြီး နာမည်ကြီး ဂျာမန် သတင်းထောက် ဖြစ်တဲ့ ဟိုင်ကိုဝပ်ဆာက သူသိထားရတဲ့ သတင်းကို ပြန်လည်ရေးသား ဖော်ပြသွားခဲ့ကာ ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် စိတ်အား ထက်သန်နေတာကြောင့် ဒေါ့မွန်အသင်းဘက်က သူ့ကို ပွဲကစားခွင့် မပေးတော့တာလို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Standard

ဝပ်ဆာက သူ့ရဲ့ Twitter အကောင့်ကနေ တဆင့် ဆန်ချိုနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ အကြောင်းကို ဖော်ကောင် လုပ်သွားခဲ့တာ ဖြစ်ပြီး သူ့ဆီကနေ ထွက်လာတဲ့ ဒေါ့မွန်အသင်းရဲ့ သတင်းတွေဟာ ယုံကြည်ရတာကြောင့် မန်ယူအသင်းပရိသတ်တွေ အတွက်တော ဆန်ချိုနဲ့ ပတ်သတ်ပြီး ပိုမို ရင်ခုန်စရာ ကောင်းလာတဲ့ အခြေအနေလို့ ပြောရင်လည်း မမှားပါဘူး။ မန်ယူအသင်းဟာ အန်တိုနီယို ဗလင်စီယာ ပြီးတဲ့နောက်မှာ ညာတောင်ပံစစ်စစ် ကစားသမားတစ်ဦးကို မပိုင်ဆိုင်တော့တာကြောင့် အသင်းရဲ့ အားနည်းချက်လို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ် အခန်းကဏ္ဍကို ဆန်ချိုနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်နေတဲ့ အသင်းဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဒေါ့မွန်အသင်းဟာလည်း ဆန်ချိုကို ရောင်းချဖို့အတွက် ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်း ဝန်းကျင် ရရှိရင် ပြောင်းရွှေ့ခိုင်းဖွယ် ရှိနေတယ်လို့ သိရှိထားရပါတယ်။