ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုက အသင်းရဲ့ နည်းပြချုပ် တန်ဟက်ဂ်နဲ့ အချင်းများခဲ့ပြီးနောက် အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် အသင်းဆီ ပြန်လာနိုင်ဖို့ နည်းလမ်း တခု ရှိနေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဆန်ချိုက ဒေါ့မွန်မှာ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ မျှော်မှန်းထားသလို ခြေစွမ်းမပြနိုင်ခဲ့သလို ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။

ဆန်ချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး ဒီရာသီမှာလည်း ကြံ့ခိုင်မှု ပြည့်ဝနေပေမယ့် စုစုပေါင်း ၇၆မိနစ်သာ ကစားခွင့် ရထားပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ဆန်ချိုက ပွဲထွက်ခွင့် အတွက် မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်နဲ့ အချင်းများခဲ့သလို အဲရစ် တန်ဟက်ဂ်ဟာ သူနဲ့ ပတ်သတ်ပြီး အလိမ်အညာ စကားတွေ ပြောနေကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာကြောင့် တန်ဟက်ဂ်နဲ့ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဆန်ချိုကို အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခဲ့သလို လူငယ်အသင်းတွေနဲ့သာ ပူးပေါင်း လေ့ကျင့်ခိုင်းထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျရေမီ ခရော့စ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တန်ဟက်ဂ်တို့က ဆန်ချိုကို အသင်းကြီးနဲ့ ပူးပေါင်းခွင့် ပိတ်ထားပေမယ့် ဆန်ချိုကသာ တန်ဟက်ဂ်ကို လူချင်းတွေ့ပြီး ပြန်တောင်းပန်ခဲ့ရင် ချက်ချင်း အသင်းကြီးဆီ ပြန်ခေါ်ဖို့ စီစဉ်ထားပြီး ဆန်ချိုကတော့ အခုချိန်အထိ အဲရစ် တန်ဟက်ဂ်ကို ပြန်တောင်းပန်ဖို့ အစီအစဉ် မရှိပဲ ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ စဉ်းစားထားကြောင်း သိရပါတယ်။