အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကတော့ ယူရိုပြိုင်ပွဲ ဆင်နွဲနေစဉ်မှာပဲ သူနဲ့ အပြောင်းအရွေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်(၇၃)သန်းနဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့ပြီး အခု ပြိုင်ပွဲပြီးဆုံးသွားချိန်မှာလည်း အသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ကာ အပြောင်းအရွေ့ကို ခပ်မြန်မြန် အပြီးသတ်ဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်နေခဲ့တာဟာ အတော်လေးကို ကြာမြင့်နေပြီဖြစ်သလို ယူနိုက်တက်အသင်းဘက်ကလည်း သူတို့ရဲ့ ကာလရှည်ပစ်မှတ် ဆန်ချိုကို အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်လာခဲ့ရာ ပြီးခဲ့တဲ့ ဇွန်လမှာပဲ အပြောင်းအရွေ့က အထမြောက်သွားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွေ့ကြေး ပေါင်(၇၃)သန်း ပေးချေသွားမှာဖြစ်ပြီး (၅)နှစ်စာချုပ် (တစ်နှစ်ထပ်တိုးခွင့်အပါအဝင်) ချုပ်ဆိုသွားမှာဖြစ်ကာ ဒီတစ်ပတ်အတွင်းမှာပဲ ဆေးစစ်မှုတွေကို လုပ်ဆောင်သွားတော့မယ်လို့လည်း သိရှိရပါတယ်။

Photo Credit : The Sun

လတ်တလောမှာတော့ ဆန်ချိုဟာ သူနဲ့ ယူနိုက်တက်အသင်းဖော်တွေ ဖြစ်လာတော့မယ့် မားကပ်စ်ရပ်ရှ်ဖိုဒ့်နဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအတွင်း ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဂိုးမဝင်ခဲ့တာတွေကြောင့် ပရိသတ်များစွာရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရသလို ဆိုးသွမ်းပရိသတ်တွေရဲ့ အသားအရောင် ခွဲခြားစော်ကားမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဆန်ချိုဟာ ယူရို-၂၀၂ဝပြိုင်ပွဲတလျှောက်မှာလည်း အင်္ဂလန်အသင်းအတွက် ပွဲချိန်အနည်းငယ်သာ ပါဝင်ကစားခွင့်ရခဲ့ပြီး ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲတည်းကိုပဲ ပွဲထွက်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့အတူ ယူရိုဆုဖလားကြီးကို ကိုင်မြှောက်ဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတဲ့ ဆန်ချိုဟာ သူပြောင်းရွေ့ချင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကိုတော့ ပြောင်းရွေ့ခွင့်ရတော့မှာဖြစ်သလို ဒီရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ ခံယူပြီး စာချုပ်ကိစ္စတွေအားလုံးကို အပြီးသတ် လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ ကာလရှည်ပစ်မှတ် ဆန်ချိုကို ခေါ်ယူလိုက်နိုင်တဲ့ ယူနိုက်တက်ကတော့ လက်ရှိမှာ ရီးယဲလ်မက်ဒရစ် နောက်ခံကစားသမား ရာဖယ်ဗာရန်းနဲ့ ရန်းစ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ကာမာဗင်ဂါတို့ကို ဆက်လက်ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။