ဘွန်ဒက်လီဂါရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ သူ့အနေနဲ့ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းဆီ ပြောင်းရွှေ့ချင်တဲ့ အကြောင်း ဒေါ့မွန်အသင်းရဲ့ ဘုတ်အဖွဲ့ဆီ ပြောဆိုထားတယ် လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းနဲ့ အတူ ထိပ်တန်းအဆင့် ရှိတဲ့ ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့သူ ဖြစ်ပြီး မန်ယူအသင်းဟာလည်း သူ့ကို ခေါ်ယူဖို့ အတွက် ကာလရှည် ချိတ်ဆက်ကာ ကြိုးစားနေပါတယ်။

Photo Credit: Mirror

အထူးသဖြင့် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဆန်ချိုကို အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်ထားပြီး ယခု နွေအပြောင်းအရွှေ့ အတွင်းမှာပဲ ဆန်ချိုကို မရရအောင် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း ဟာ မန်ယူအသင်းဘက်က ပေးချေဖို့ လက်တွန့်နေတဲ့ ပမာဏ တစ်ခု ဖြစ်ပြီး မန်ယူအသင်းဘက်က ဆန်ချိုကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၉၀ သန်း + အပိုဆုကြေး ယူရို ၂၀ သန်းခန့်နဲ့ ကမ်းလှမ်းလိုပေမယ့် ဒေါ့မွန်အသင်းဘက် ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို တစ်လုံးတစ်ခဲထဲ ရယူနိုင်ဖို့သာ အလိုရှိနေတယ် လို့ နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိထားရပါတယ်။

Photo Credit: Mirror

ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆန်ချိုဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့အတူ ရှိနေစဉ်မှာ သူဟာ မန်ယူအသင်းထံ ယခုနှစ် နွေစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ဖို့ မျှော်လင့်ထားကြောင်း အသင်းဖော်တွေကို ဖွင့်ဟခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းရဲ့ ဘုတ်အဖွဲ့ထံ သွားရောက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ သွားရောက် တွေ့ဆုံစဉ်မှာ သူဟာ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ အတင်းအကျပ် တောင်းဆိုမှာ မဟုတ်ပေမယ့် မန်ယူအသင်းထံသာ ပြောင်းရွှေ့ခွင့်ရမယ် ဆိုပါက ပျော်ရွှင်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ် လို့ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano က ဖော်ပြထားခဲ့ပါတယ်။