ဘွန်ဒက်လီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ လုပ်ရပ်ကို အတော်လေး စိတ်ပျက် နေပြီး မပျော်မရွှင် ဖြစ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ကစားသမား ဆန်ချိုဟာ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၇.၈၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လက်ရှိ တန်ကြေး ယူရို ၁၁၇သန်း အထိ ရှိနေသူ တစ်ဦးပါ။

Photo Credit: Daily Mail

ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု ၂၀ ကြိမ်အထိ ပြုလုပ် ပေးနိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ကြောင့်ပဲ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစား လာခဲ့တာပါ။ ဒါပေမယ့် ဆန်ချိုရဲ့ လက်ရှိ အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၂၀ သန်းအထိ ရယူ လိုနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မန်ယူအသင်းရဲ့ ပဏာမ ကမ်းလှမ်းချက် ဖြစ်တဲ့ ပေါင် ၉၀ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချ သွားခဲ့ပါတယ်။ ဆန်ချိုကတော့ ဒေါ့မွန်အသင်းရဲ့ အဆိုပါ လုပ်ရပ်တွေ အပေါ် စိတ်ပျက်နေပြီး အသင်းမှာ နေရတာကို မပျော်မရွှင် ဖြစ်နေကြောင်း သူနဲ့ နီးစပ်သူတွေကို ဖွင့်ဟ ခဲ့ကြောင်း နာမည်ကြီး သတင်းထောက်တွေက ပြောကြား ထားကြပါတယ်။

Photo Credit: Daily Mail

နောက်ဆုံး သိရှိထားတဲ့ သတင်းတွေ အရ ဆန်ချိုဟာ မန်ယူအသင်းရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေဆဲ ဖြစ်ပေမယ့် ဆန်ချိုကိုသာ မရပါက မန်ယူအသင်းဟာ ဘာစီလိုနာ အသင်းရဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီကို ပြောင်းလဲ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိထားရပြီး ဒမ်ဘီလီနဲ့ မန်ယူအသင်းတို့ရဲ့ သတင်းတွေကြောင့် ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် မရမှာကို ပိုပြီး စိုးရိမ်လာတယ် လို့ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Eckner က ဆိုထားပါတယ်။ အတည်မပြု နိုင်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် မရတာကြောင့် ဆန်ချိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပါဝင် ကစားဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း သိရပြီး လက်ရှိမှာတော့ ဆန်ချိုရဲ့ ဖိအားပေးမှုတွေ အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ယူအသင်းနဲ့ မဖြစ်မနေ ပြန်လည် ညှိနှိုင်းရဖွယ် ရှိနေပါတယ်။