ဂျာမန် အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန်ဆန်ချို ကတော့ ယခုနှစ် နွေစျေးကွက် အတွင်းမှာ အသင်းပြောင်းရွှေ့တော့မှာ မဟုတ်ပဲ ဒေါ့မွန်အသင်းမှာသာ နောက်ထပ် တစ်ရာသီ ဆက်ရှိနေတော့မှာ ဖြစ်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဂျေဒန်ဆန်ချိုဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဒေါ့မွန်အသင်းကနေ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေဖို့ လက်တွန့် နေတာကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာလို့ သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Ornstein ကတော့ ဆန်ချိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အသင်းကနေ ပြောင်းခွင့်ရဖို့ ဒေါ့မွန်အသင်းကို ဖိအားပေး တောင်းဆိုခဲ့ပေမယ့် မန်ယူအသင်းဟာ ဒေါ့မွန်အသင်း တောင်းဆိုတဲ့ ယူရို ၁၂၀သန်းကို တစ်လုံးထဲ တစ်ခဲထဲ မပေးချေနိုင်တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ လက်ရှိမှာ စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာပြီး ဘာစီလိုနာအသင်းကလည်း လိုင်ယွန်အသင်းရဲ့ တိုက်စစ် ကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ ပြင်ဆင် ထားတာကြောင့် ဒမ်ဘီလီကို ရောင်းချသွားမယ် လို့ သိရပါတယ်။

Photo Credit: Express

အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီး ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြောင်း ဖော်ပြထားပြီး ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်း အလိုရှိနေကြောင်း သုံးသပ် ထားကြပါတယ်။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ကြားမှာသာ သဘောတူညီမှု ရပါက မန်ချက်စတာမြို့ကို လာရောက်ကာ ဆေးစစ်မှု ပြုလုပ်ဖို့ ပြင်ဆင်ထားတယ် လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကြောင့် ဒမ်ဘီလီကို ခေါ်ယူဖို့ဟာ ဖြစ်နိုင်ချေ အလွန်များပြီး မကြာမီ နာရီပိုင်းအတွင်းမှာပဲ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ သတင်းကို တိတိကျကျ သိရဖွယ် ရှိပါတယ်။