မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဒေါ့မွန်အသင်းဆီမှာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုက ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲ ဖြစ်သွားခဲ့ရင်တောင် ယူနိုက်တက်ဆီ ပြန်သွားတော့မှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာတောင်ပံကစားသမား ဆန်ချိုဟာ ဒီရာသီထဲ ယူနိုက်တက်မှာ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေတာကြောင့် သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : JOE

ဆန်ချိုက ဝက်ဖို့ဒ်နဲ့ မန်စီးတီး လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး သူရဲ့ စီနီယာ ကစားသမားဘဝကိုတော့ ဒေါ့မွန်မှာ စတင်ခဲ့ပါတယ်။ ဒေါ့မွန်နဲ့ ဂျာမနီမြေမှာ အကောင်းဆုံး တောက်ပခဲ့တဲ့ ဆန်ချိုဟာ ၂၀၂၁ခုနှစ်မှာပဲ ယူနိုက်တက်အသင်းဆီကို ပေါင် (၇၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၈၂)ပွဲကစားပြီး (၁၂)ဂိုးသွင်း (၆)ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဆန်ချိုဟာ ဒီရာသီထဲမှာလည်း နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေတော့ရာကနေ ပွဲကစားခွင့်တွေ လုံးဝပျောက်ဆုံးခဲ့ရပြီး ဆောင်းဈေးကွက်မှာတော့ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Goal

ဒေါ့မွန်အသင်းဆီကို အငှားသီးသန့်နဲ့သာ ပြောင်းရွှေ့လာတဲ့ ဆန်ချိုကို ဒေါ့မွန်ဘက်က အပြီးသတ် ပြန်လည် ခေါ်ယူဖို့ ဆန္ဒမရှိပဲ အငှားသက်တမ်း ပြည့်ချိန်မှာ သူရဲ့ မူလကလပ် ယူနိုက်တက်အသင်းဆီကိုသာ ပြန်ပို့ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါပေမယ့် The Guardian ရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်မှာ နည်းပြ တန်ဟက်ဂ်နေရာ တခြားနည်းပြတစ်ဦးဦး ပြောင်းလဲ ဝင်ရောက်လာခဲ့သည့်တိုင် ဆန်ချိုက ယူနိုက်တက်နဲ့ ပြန်ပြီး ပေါင်းပူးတော့မှာ မဟုတ်ပဲ လာမယ့်နွေမှာ ကလပ်အသင်း တစ်သင်းသင်းဆီသာ အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။