ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းက ခေါ်ယူဖို့ ၂နှစ် ၊ ၂မိုး ၊ ၂နွေ ကြာအောင် ကြိုးစားခဲ့ရတဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဖြစ်သူ ဆန်ချိုကို ယခုရက်ပိုင်း အတွင်းမှာပဲ တရားဝင် ခေါ်ယူနိုင်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ် များစွာက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံ အတွက် အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးစားခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှု မရခဲ့ပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှသာ ဆန်ချိုကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေတာပါ။

Photo Credit: Mirror

ဘောလုံးလောကမှာ လူငယ်ကြယ်ပွင့် များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ တောင်းဆိုခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့သွားခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ယူရို ၉၀သန်းသာ တောင်းဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာပဲ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းကို ပေးချေဖို့ သဘောတူလိုက်ပြီး နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ပေးချေမှု ၊ အပိုဆုကြေး စတဲ့ ကိစ္စတွေကို အပြီးသတ် ညှိနှိုင်းရန်သာ ကျန်တော့ကြောင်း သိရပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူထားနိုင်သလို ယခုလ အစမှာလည်း ဆန်ချိုနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ရှိထားတာကြောင့် ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပါက အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ ကျိန်းသေ ဖြစ်ပေါ်လာတော့မယ့် အပြောင်းအရွှေ့ တခု ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ ကြားမှာ ပြောင်းရွှေ့ကြေးကို ဘယ်လိုပုံစံနဲ့ ပေးချေမလဲ ဆိုတဲ့ သဘောတူညီချက် ရဖို့လည်း နီးစပ်နေကြောင်း ၊ ဆန်ချိုဟာ လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာနိုင်ကြောင်း ပြောကြားထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ လည်ပင်းတဆန့်ဆန့်နဲ့ စောင့်မျှော်နေတဲ့ ဆန်ချို တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်တော့မယ်လို့ သတင်းကောင်း ပါးလိုက်ပါရစေ။