ဘွန်ဒက်လီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဖြစ်တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ မန်ယူအသင်းထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ခဲ့သူ ဖြစ်ပေမယ့် ဒေါ့မွန်အသင်းက သူ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို မန်ယူအသင်းက ပေးချေဖို့ ဆန္ဒ မရှိခဲ့သလို ဒေါ့မွန်အသင်းကလည်း မန်ယူအသင်းဘက်က ဆန်ချိုအတွက် ကမ်းလှမ်းခဲ့တဲ့ ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် ဒေါ့မွန်အသင်းမှာပဲ ဆက်ရှိနေသူပါ။

Photo Credit: Team Talk

ဂျာမန် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူအသင်းထံကို ပြောင်းရွှေ့ချင်ပေမယ့် မပြောင်းရွှေ့နိုင်ခဲ့တာကြောင့် ဆန်ချိုဟာ လက်ရှိအချိန်မှာ ဒေါ့မွန်အသင်း အတွက် အပြည့်အဝ အာရုံစိုက် ကစားပေးလို့ မရသေးသလို ဒေါ့မွန်အသင်းကလည်း ဆန်ချိုရဲ့ ခြေစွမ်းကျဆင်းသွားမှုကို အတော်လေး စိုးရိမ်နေကြောင်း သိရပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ ဂိုး၂၀ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၀ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆန်ချိုဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေကို ပေးအပ်လေ့ရှိတဲ့ Golden Boy Award ကို ရရှိဖို့ အသင်းဖော် ဟာလန်းနဲ့ အပြိုင် ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ ဆန်ချိုရဲ့ ခြေစွမ်းဟာ အနည်းငယ် ဆိုးရွားနေပြီး ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူ ထားနိုင်သလို ဂိုးဖန်တီးမှုလည်း ၂ကြိမ်သာ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကျဆင်းလာတဲ့ သူ့ရဲ့ ခြေစွမ်းတွေကြောင့် ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ မရေရာမှုတွေ ရှိလာသလို မန်ယူအသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ ခံစားချက် ကို လျစ်လျူရှုခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ တာဝန်ရှိသူ တချို့နဲ့လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဒါ့အပြင် ဆန်ချိုဟာ ဒေါ့မွန်အသင်းက ချမှတ်ထားတဲ့ စည်းကမ်းတချို့ကိုလည်း ချိုးဖောက်ခဲ့ပြီး အဆိုပါ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ခေါ်ယူကာ သတိပေးမှုတချို့ ပြုလုပ်ထားကြောင်းလည်း BILD သတင်းဌာနက ဆိုပါတယ်။