တနင်္ဂနွေနေ့က အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ အစ်ဝစ်ချ်တောင်းအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့ပြီး အမှတ်ဆုံးရှုံးခဲ့ရပေမယ့် လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးအသင်းရဲ့ ယှဉ်ပြိုင်မှုဟာ မပြီးဆုံးသေးဘူးလို့ ချယ်လ်ဆီးတောင်ပံကစားသမား ဂျေဒန် ဆန်ချိုက ပြောဆိုလာခဲ့ပါတယ်။
အစ်ပ်ဝစ်ချ်အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂျူလီယို အန်စီဆိုနဲ့ ဘင် ဂျွန်ဆင်တို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်း ပွဲချိန်မှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပြန်စချ်ိန်မှာပဲ အက်ဇဲလ် တူအန်ဇီဘီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ချယ်လ်ဆီးအသင်း ချေပဂိုးပြန်ရခဲ့ပြီး ဆန်ချိုရဲ့ အံ့မခန်းဂိုးကြောင့် သရေရခဲ့ပေမယ့် နောက်ပိုင်းမှာ အဲလက်စ် ပါမာရဲ့ ကာကွယ်မှုကောင်းတွေကြောင့် အနိုင်ဂိုးရဖို့ လွဲချော်ခဲ့ပါတယ်။
Photo Credit : The Independent
ဒီပွဲအပြီးမှာ နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် အဆင့်(၄)နေရာဆီ ရောက်ရှိသွားသလို ချယ်လ်ဆီးကတော့ အဆင့်(၆)မှာသာ ရပ်တည်နေရပါတယ်။ ဒါပေမယ့် ဒီရာသီမှာက အဆင့်(၅)နေရာထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ ဖြစ်သလို လက်ရှိမှာလည်း အဆင့်(၃)က နော်တင်ဟမ်နဲ့ အဆင့်(၇)က ဗီလာတို့ကြား ရမှတ်(၃)မှတ်သာ ကွာလို့နေပါတယ်။
“ဒါ မပြီးသေးပါဘူး။ ကျွန်တော်တို့မှာ နောက်ထပ် ခြောက်ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ပွဲတိုင်းဟာ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲတွေပါ။ ကျွန်တော်တို့ စည်းလုံးညီညွတ်မယ်ဆိုရင် ရလဒ်ကောင်းတွေ ရနိုင်ပါတယ်” လို့ ဆန်ချိုက ပြောပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးနည်းပြ မာရက်စ်ကာကလည်း “ဒီနေ့က ခက်ခဲပါတယ်။ သူတို့ရဲ့ ပထမဂိုးက ပွဲရဲ့ အရှိန်အဟုန်ကို ပြောင်းလဲသွားစေတယ်လို့ ကျွန်တော်ထင်ပါတယ်။”
Photo Credit : Football FanCast
“ပထမ မိနစ်(၂၀)မှာ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့ပါတယ်။ ဒါ ဘောလုံးပါပဲ။ တခါတရံမှာ အသေးအမွှားလေးတစ်ခုက ပွဲရဲ့ အရှိန်အဟုန်ကို ပြောင်းလဲသွားစေပါတယ်။ ကျွန်တော်တို့ ဂိုးပေးလိုက်ရပြီး ယုံကြည်မှု နည်းနည်း လျော့သွားပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲထဲကို ပြန်ဝင်လာနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ (၁၈)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး တသမတ်တည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဆန်ချိုဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကူညီနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြက ကောင်းကောင်း လုပ်နိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆန်ချိုက နောက်ပိုင်းကစားခဲ့တဲ့ ပွဲ(၂)ပွဲမှာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။