ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းက ခေါ်ယူဖို့ အပူတပြင်း ကြိုးစားနေတဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချို ဟာ ယမန်နေ့ကပဲ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတယ် လို့ ဗြိတိန်အခြေစိုက် သတင်းဌာနတွေက သတင်းဓာတ်ပုံ အတိအကျနဲ့ ဖော်ပြ သွားကြပါတယ်။

Photo Credit: Planet Football

မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ် အတွက် ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ ဆန်ချိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထား နိုင်ခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့တော့ ဆန်ချိုအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို လက်ရှိ အချိန်အထိ သဘောတူညီမှု မရရှိသေးပါဘူး။

Photo Credit: Planet Football

ဒေါ့မွန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း ရရှိမှသာ လက်လွှတ်ဖို့ စဉ်းစားထားသလို ဆန်ချိုအတွက် ကမ်းလှမ်းမှုတွေကို လက်ခံ ဆွေးနွေးမှုတွေကိုလည်း ယနေ့ကို နောက်ဆုံးအဖြစ် ထားပြီး ပြုလုပ်သွားမယ် လို့ သိထားရပါတယ်။ တစ်ဖက်မှာတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူချင်ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ထိခိုက်လာတဲ့ အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေကို ပြန်လည် တွက်ဆ နေရပြီး ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆို ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Planet Football

ဒေါ့မွန်အသင်းဟာ မနက်ဖြန်မှာတော့ သူတို့အသင်းရဲ့ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှု လေ့ကျင့်ခန်းတွေကို ဆွစ်ဇာလန်နိုင်ငံမှာ စတင် ပြုလုပ်သွားမှာ ဖြစ်ပြီး မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူချင်ပါက ယနေ့မှာပဲ ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့ ကြိုးစားသွားရမှာပါ။ ဆန်ချို ကတော့ လက်ရှိမှာ လန်ဒန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ အပြောင်းအရွှေ့အတွက် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ သဘော တူညီမှု ရရှိမလား ၊ မရရှိဘူးလားဆိုတာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo Credit: Planet Football

အကယ်၍ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါက ဆန်ချိုဟာ ယနေ့မှာပဲ မန်ချက်စတာမြို့ကို သွားရောက်ကာ ဆေးစစ်မှုတွေ ခံယူသွားမယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကာလရှည် အပြောင်းအရွှေ့ ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့တဲ့ မန်ယူ ၊ ဒေါ့မွန်နဲ့ ဆန်ချိုတို့ရဲ့ သုံးပွင့်ဆိုင် ပုံပြင်ရဲ့ အဖြေကို သိရှိရတော့မယ်လို့ တင်ပြလိုက်ရင်း….။