ဆော်ဒီပရိုလိဂ် ကလပ်အသင်းများက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုအပြင် စပါးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား ရစ်ချာလီဆန်ကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ ဥရောပလိဂ်က နာမည်ကျော် ကစားသမား အများအပြားကို ခေါ်ယူခဲ့တဲ့ ဆော်ဒီကလပ်အသင်းတွေဟာ လာမယ့် ဆောင်းဈေးကွက်အတွင်းမှာလည်း ထပ်မံပြီး ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Photo Credit : Football Today

လက်ရှိမှာတော့ ဆော်ဒီကလပ်တွေက မန်ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်နေပြီး အသင်းကနေ ထွက်ခွာနိုင်ခြေ ရှိနေတဲ့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ချိန်ရွယ်လျက် ရှိနေပါတယ်။

ဒေါ့မွန် ကစားသမားဟောင်း ဆန်ချိုကို ဥရောပ ကလပ်အသင်းတွေနဲ့ သူ့အသင်းဟောင်း ဒေါ့မွန်တို့က စိတ်ဝင်စားလျက် ရှိနေသလို ငွေအသုံးကြမ်းတဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေကပါ ဆန်ချိုလို ကြယ်ပွင့်ကစားသမားတစ်ဦးကို သူတို့လိဂ်ဆီ အရ ခေါ်ယူချင်နေပါတယ်။

Photo Credit : Al Bawaba

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ ဆော်ဒီကလပ်တွေက ဆန်ချိုအပြင် စပါးအသင်းရဲ့ ရစ်ချာလီဆန်ကိုပါ စိတ်ဝင်စားနေပြန်ပါတယ်။ ရစ်ချာလီဆန်က စပါးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာပါ ချန်လှပ်ခံထားရသူလည်း ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ကလည်း ဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်း အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ ရှိနေတာကြောင့် ပွဲကစားခွင့်တွေ ပိုနည်းလာနိုင်ခြေ ရှိနေတဲ့ ရစ်ချာလီဆန်ရဲ့ အခြေအနေကို ဆော်ဒီကလပ်တွေက စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။