ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ဒေါ့မွန် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရသွားခဲ့ပြီလို့ သတင်းဌာနတွေက ဖော်ပြလာခဲ့ကြပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ ဒေါ့မွန်အသင်းနဲ့ အပြောင်းအရွှေ့ ညှိနှိုင်းဖို့သာ ကျန်တော့ကြောင်း Express Sport သတင်းဌာနက ဖော်ပြသွားခဲ့တာ ဖြစ်ပြီး အဆိုပါသတင်းတွေဟာ မှန်ကန်မှုရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူ တချို့က အတည်ပြုထားခဲ့ကြပါတယ်။

Photo Credit: SportsBible.com

အသက်၂၀အရွယ် ဆန်ချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပွဲစဉ် ၂၃ပွဲ ကစားထားရာမှာ ၁၄ဂိုးသွင်းယူထားပြီး ၁၅ဂိုး ဖန်တီးပေးထားနိုင်ခဲ့ကာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်တစားနဲ့ ချဉ်းကပ်နေကြတာပါ။ Express Sport သတင်းဌာနရဲ့ ဖော်ပြမှုအရ မန်ယူအသင်းဟာ ဆန်ချိုကို စီမံခန့်ခွဲမှုလုပ်နေတဲ့ အဖွဲ့အစည်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက ချိတ်ဆက်နေခဲ့တာဖြစ်ကြောင်းနဲ့ ယခုချိန်မှာတော့ သဘောတူညီမှုရသွားခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: SportsBible.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆန်ချိုဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၃သိန်း ရမှာ ဖြစ်ပြီး ၅နှစ်စာချုပ်နဲ့ ချုပ်ဆိုမှာဖြစ်တယ် လို့ သိရှိထားရပြီး မန်ယူအသင်းဘက်က ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်၉၀သန်းဝန်းကျင် ပေးချေရမှာ ဖြစ်ကြောင်း သိထားရပါတယ်။ ကနဦးမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူရာမှာ ပေါင် ၁၀၀သန်းကျော် ကုန်ကျမယ်လို့ သိရှိထားခဲ့ရပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူရာမှာ ပေါင်၈၉သန်း သို့မဟုတ် ၉၂သန်း ဝန်းကျင်သာ ပေးချေရမှာ ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေကရော မန်ယူအသင်းနဲ့ နီးစပ်တဲ့ ဘောလုံးအသိုင်းအဝိုင်းတွေကပါ အတည်ပြုထားကြပါတယ်။