အခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လီဂူးထိပ်သီးကလပ် မာဆေးလ်အသင်းဆီကို free transfer နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ချီလီ ဝါရင့်တိုက်စစ်ကစားသမားကြီး အလက်ဆစ်ဆန်းချက်ဇ်ဟာ မနေ့ညက ပွဲစဉ်မှာပဲ မာဆေးလ်အတွက် သွင်းဂိုးတွေ စတင် သွင်းယူနိုင်ခဲ့သလို အသင်းကိုလည်း နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။

Baru Gabung Marseille, Alexis Sanchez Langsung 'Sindir' PSG

Photo Credit : Detik Sport

အသက်(၃၃)နှစ်အရွယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ အခုဈေးကွက်ထဲမှာ အင်တာမီလန်ကနေ မာဆေးလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မာဆေးလ်အတွက် (၃)ပွဲဆက်တိုက် ပါဝင်ထားခဲ့ရသလို မာဆေးလ်က နိုက်စ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာပဲ ဆန်းချက်ဇ်က မာဆေးလ်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နိုက်စ်နဲ့ ပွဲမှာ မာဆေးလ်က ဆန်းချက်ဇ်ကို အထောင်တိုက်စစ် နေရာကနေ ထည့်သွင်း အသုံးပြုလာခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်ကလည်း ပထမပိုင်း ပွဲချိန်ထဲမှာပဲ ဂိုး(၂)ဂိုးလုံး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

တိုက်စစ်မှာ ဆန်းချက်ဇ် ပါယက် ဂွမ်ဒူဇီတို့ကို အသုံးပြုလာခဲ့တဲ့ မာဆေးလ်အသင်းဟာ အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဆန်းချက်ဇ် ဂွမ်ဒူဇီနဲ့ တာဗာရက်စ်တို့ စွမ်းဆောင်ရည်တွေကြောင့် နိုက်စ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ကစားသမားသစ် ဆန်းချက်ဇ်မှာလည်း လီဂူးသွင်းဂိုးတွေ စတင် သွင်းယူလာနိုင်ခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ဘာစီလိုနာ အာဆင်နယ် မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်တို့ ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိ မာဆေးလ်ကို ရောက်ရှိနေတဲ့ ဆန်းချက်ဇ်ဟာ ပရီးမီးယား လာလီဂါ စီးရီးအေနဲ့ လီဂူးဝမ်းပြိုင်ပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာမီလန်မှာလည်း အသင်းအတွက် အကျိုးပြုတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် လူကာကူကို ပြန်လည်ခေါ်ယူပြီး မာတီနက်ဇ်ကိုလည်း အသင်းမှာသာ ဆက်ထိန်းဖြစ်ခဲ့ပြီးနောက်မှာ အင်တာဘက်က ကစားသမား လစာတွေ ပြန်ချိန်ဆဖို့အတွက် လစာမြင့်မားတဲ့ ဆန်းချက်ဇ်ရဲ့ စာချုပ်ကို ကစားသမားနဲ့ နှစ်ဦးသဘောတူ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်လို ဒီရာသီမှ မာဆေးလ်ကို ရောက်ရှိလာခဲ့တဲ့ တာဗာရက်စ်ဟာလည်း မာဆေးလ်အတွက် အတော်လေးကို ခြေစွမ်းပြနေခဲ့ပြီး (၄)ပွဲကစား (၃)ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို နိုက်စ်နဲ့ပွဲမှာလည်း (၁)ဂိုးသွင်းယူပြီး ဆန်းချက်ဇ်ရဲ့ ဒုတိယဂိုးမှာပါ ပါဝင်ပတ်သတ်ထားနိုင်ခဲ့ပါတယ်။