ဒီရာသီအတွင်း အင်တာမီလန်အသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားလို့နေတဲ့ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ အီတလီစီးရီးအေပြိုင်ပွဲမှာလည်း သူယခင်က ပြသထားနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းတွေအတိုင်း ပြန်လည်ပြသထားနိုင်ခြင်းမရှိလို့ သူ့ကို အင်တာအသင်းကနေ အပြီးသတ်ခေါ်ယူဖို့အတွက် ဆန္ဒမရှိတာကြောင့် သူရဲ့မူလ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်သွားရဖွယ်ရှိနေပြီး အပြီးသတ်ခေါ်ယူမယ့်အသင်းလည်း မရှိတာကြောင့် လာမယ့်ရာသီမှာ ဆန်းချက်ဇ်နဲ့ ယူနိုက်တက်အသင်းတို့ ပြန်လည်ပူးပေါင်းရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းမပြသနိုင်လို့ နေရာပျောက်ဆုံးခဲ့ရာကနေ အင်တာမီလန်အသင်းဆီကို အငှားနဲ့ရောက်ရှိသွားခဲ့ရပြီး စီးရီးအေမှာလည်း ပုံမှန်ခြေစွမ်းမပြနိုင်သေးသလို ဒဏ်ရာပြသာနာတွေကြောင့်လည်း ပွဲထွက်ခွင့်တွေ နည်းပါးခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ ဒီရာသီမှာ အင်တာအသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲသာ ပါဝင်ကစားထားခဲ့ရကာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၃)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ(၄)ပွဲပဲ ပွဲဦးထွက်ကစားထားခဲ့ရတဲ့ ဆန်းချက်ဇ်ကို အင်တာကနေ အပြီးသတ်မခေါ်ယူချင်တော့တာကြောင့် ယူနိုက်တက်ဆီကိုပဲ ပြန်သွားရဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ အာဆင်နယ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ အာမေးနီးယန်းကွင်းလယ်လူဖြစ်တဲ့ ဟင်းနရစ်မစ်ခီတာရန်လည်း ကစားသမားချင်း အလဲအထပ်လုပ်ခဲ့တာဖြစ်ကာ ဆန်းချက်ဇ်ရဲ့တစ်ပတ်လုပ်ခကို ယူနိုက်တက်ဘက်ကနေ ပေါင်(၅)သိန်းအထိ ပေးချေနေရပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်က အာဆင်နယ်အသင်းမှာ သူပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကို ယူနိုက်တက်အသင်းမှာ လုံးဝပြသနိုင်ခြင်းမရှိပဲ ကျောနံပါတ်(၇)ကျိန်စာမိနေတယ်လို့ပဲ ယူဆရမလိုဖြစ်နေခဲ့ကာ ဒီရာသီမှာတော့ အင်တာမီလန်အသင်းဆီ အငှားနဲ့ပါ ပြောင်းရွှေ့ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းကတော့ ဆန်းချက်ဇ်အတွက် ယူရိုသန်း(၂၀)လောက်ရရှိရင်တောင် အသင်းကနေ လက်လွတ်ဖွယ်ရှိနေပေမယ့်လည်း အင်တာနည်းပြကွန်တီကိုယ်တိုင်က ဆန်းချက်ဇ်ကို အသင်းမှာ ဆက်ထားထားဖို့ လုံးဝဆန္ဒမရှိသလို အခြားသော အသင်းတွေကလည်း ကစားသမားရဲ့လစာများပြားမှုနဲ့ ဒဏ်ရာမကြာခဏ ရရှိတတ်မှုတွေကြောင့် ခေါ်ယူဖို့ လက်တွန့်လို့နေပြီး ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေရဖွယ်ရှိနေပါတယ်။