ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့့ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်အသင်းအတွက် လုံးဝကို ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိလို့ အင်တာမီလန်အသင်းဆီကို အငှားချခံခဲ့ရကာ အငှားစာချုပ်ပြည့်ချိန်မှာလည်း အသင်းနဲ့ စာချုပ်ဖျက်သိမ်းခံခဲ့ရတဲ့ ချီလီတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကတော့ ယူနိုက်တက်အသင်းမှာ ရှိစဉ်အခါတုန်းက သူကြုံတွေ့ခံစားခဲ့ရတဲ့ အဆင်မပြေမှုတွေအကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bein Sports

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပေမယ့်လည်း အာဆင်နယ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိသွားပြီးနောက် အလားတူခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြိီး သွင်းဂိုးအနည်းငယ်လေးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားပြီဖြစ်ပြီး အင်တာမှာလည်း သူရဲ့ပွဲထွက်ကစားခွင့်တွေ နည်းပါးလျက်သာ ရှိနေပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတာနဲ့ပတ်သက်ပြီး ဆန်းချက်ဇ်က “အသင်းနဲ့ ပထမဆုံးသော လေ့ကျင့်ခန်းအစီအစဉ် ပြီးသွားတဲ့နောက်မှာ ကျွန်တော်အကြောင်းအရာ တော်တော်များများကို နားလည်လိုက်ပါတယ်။ ကျွန်တော်အိမ်ပြန်ရောက်တော့ မိသားစုဝင်တွေနဲ့ မန်နေဂျာကို ပြောမိတယ်။ အာဆင်နယ်ကို ပြန်သွားချင်တယ်ဆိုတာကိုပေါ့။ ဒီမှာက ကျွန်တော်နဲ့ ဘယ်လိုမှကို အဆင်မပြေဘူး။ ဒါပေမယ့်လည်း စာချုပ်က ချုပ်ပြီးနေပြီကို။ လတွေကြာလာတဲ့နောက်ပိုင်းလည်း ဒီခံစားချက်အတိုင်းပဲ ဆက်ရှိနေရတယ်။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်မှာ အသင်းတစ်သင်းလို စည်းစည်းလုံးလုံးကို မရှိခဲ့ဘူး။ ဂျာနယ်လစ်တွေကလည်း အကြောင်းအရင်းကို ကောင်းကောင်းမသိပဲ ဖွနေခဲ့တော့ နာကျင်စရာတွေ ဖြစ်ခဲ့ရတယ်။ ကစားသမားဟောင်းတွေကလည်း အသင်းအတွင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မသိပဲနဲ့ ဝေဖန်ကြတယ်။ ကစားသမားတစ်ယောက်အတွက် အသင်းအတွင်း စည်းလုံးမှုကို လိုအပ်တယ်။ မိသားစုတစ်ခုလို ဖြစ်နေသင့်တာ။ အဲ့ဒီအတိုင်းကို လုံးဝဖြစ်မနေဘူး။ ကွင်းအတွင်း စွမ်းဆောင်ရည်တွေ ဒါတွေအပေါ်မှာ မူတည်တယ်။ အသင်းရလဒ်မကောင်းလို့ တစ်စုံတစ်ယောက် အပြစ်ရှာချင်တယ်ဆိုရင် ကျွန်တော်ပဲအပြစ်တင်ခံရတယ်။ မိနစ်အနည်းငယ်လောက်လေးပဲ ကစားရရင်တောင် ကျွန်တော့်ကိုပဲ အမြဲအပြစ်တင်ကြတယ်” လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။