စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ ဝါရင့် တောင်ပံ ကစားသမား ဆန်းချက်ဟာ နိုင်ငံအသင်းဖြစ်တဲ့ ချီလီအသင်းအတွက် သွားရောက် ကစားပေးရင်း ပြင်းထန်တဲ့ ကြွက်သား ဒဏ်ရာရရှိခဲ့ကြောင်း ချီလီ သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၁နှစ် အရွယ် တောင်ပံ ကစားသမား ဆန်းချက်ဟာ မန််ယူအသင်းထံ ကနေ အင်တာမီလန် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အင်တာမီလန် အသင်းအတွက် သုံးပွဲ ပါဝင် ကစားပေး ထားပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Daily Mail

ချီလီ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဆန်းချက်ဟာ ချီလီအသင်းအတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဖွယ် ရှိကြောင်း ချီလီ သတင်းထောက်တွေက သုံးသပ် ထားကြပါတယ်။ အင်တာမီလန််အသင်း ကတော့ ဆန်းချက်ရဲ့ ဒဏ်ရာအကြောင်းကို ဖော်ပြထားခြင်း မရှိပေမယ့် အီတလီ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဆန်းချက်ဟာ ယခုတစ်ပတ်မှာ ကစားမယ့် အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ မီလန်ဒါဘီကို ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး ကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကိုပါ လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ဆန်းချက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသ ထားနိုင်တာကြောင့် သူ့ကို လက်လွှတ် ထားရတာဟာ အင်တာမီလန်အသင်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပြီး ဆန်းချက်ရဲ့ နေရာမှာတော့ အဲရစ်ဆင်ဟာ ဝင်ရောက် ကစားဖွယ် ရှိကြောင်း Football Italia သတင်းဌာနက ဖော်ပြ သွားပါတယ်။ အင်တာမီလန်အသင်း အတွက် သတင်းကောင်း တစ်ခုကတော့ အခြား နိုင်ငံတကာပွဲစဉ်တွေကို ကစားခဲ့ရတဲ့ ကစားသမားတွေဟာ ဒဏ်ရာရရှိခြင်း မရှိတာ ဖြစ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူနဲ့ မာတီနက်စ်တို့ဟာ မီလန်ဒါဘီပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ကစားမယ် လို့ သိရပါတယ်။