MySport Myanmar

မေဂျာလိဂ်ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်အောင် ဖန်တီး တည်ဆောက်နေတဲ့ ဆန်ဒီယေဂို

အမေရိကန်နိုင်ငံ ကယ်လ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ အခြေစိုက် အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ်အသင်းသစ် တစ်သင်းဖြစ်တဲ့ ဆန်ဒီယေဂို အက်စ်စီအသင်းဟာ လာမယ့် ၂၀၂၅ခုနှစ်ကနေ စတင်ပြီး မေဂျာလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင် ဆင်နွဲသွားတော့မှာပဲ ဖြစ်ပါတယ်။

ပရိသတ်ပေါင်း (၃၅၀၀၀)အထိဆံ့တဲ့ စနက်ဒရန်ဂွန်ကွင်းကြီးကို ပိုင်ဆိုင်ထားတဲ့ ဆန်ဒီယေဂိုအသင်းဟာ ၂၀၂၃ခုနှစ် မေလ (၁၈)ရက်နေ့ကမှ အသင်းကို စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းသက်တမ်းဟာ တစ်နှစ်ဝန်းကျင် ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : The Guardian

လက်ရှိမှာတော့ အသင်းက ကစားသမားအင်အားတောင် အနည်းငယ်လေးသာ ရှိနေသေးပြီး အသင်းကို သေချာ မတည်ဆောက်ထားရသေးတဲ့ ဆန်ဒီယေဂိုအသင်းဟာ ထိပ်တန်း ကစားသမား အမြောက်အများကိုတော့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

မကြာခင်မှာပဲ ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စပိန် ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယို ရာမို့စ် ၊ ရာမို့စ်လိုပဲ မကြာခင်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဝါရင့် ဂိုးသမားကြီး ကေလာ နာဗက်စ်တို့ အပါအဝင် မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းတို့ကိုပါ ခေါ်ယူဖို့ ဆန်ဒီယေဂိုအသင်းက ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Diez

ဒါ့အပြင် မက္ကဆီကို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လိုဇာနိုနဲ့ ရာအူးလ် ယီမီနက်ဇ်တို့ နှစ်ဦးကိုလည်း ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပြီး လိုဇာနိုကိုတော့ ခေါ်ယူနိုင်ဖို့ အလွန်လေး နီးစပ်လျက်လည်း ရှိနေပါတယ်။ ဆက်လက်ပြီး ဥရောပက ကစားသမားတချို့ကိုပါ ခေါ်ယူဖို့ ပြင်ဆင်လျက် ရှိနေပါသေးတယ်။

မေဂျာလိဂ်ပြိုင်ပွဲ အသင်းအရေအတွက်အရ (၃၀)မြောက်အသင်း ဖြစ်လာမယ့် ဆန်ဒီယေဂိုဟာ မေဂျာလိဂ်ရဲ့ ရီးယဲလ်မက်ဒရစ်အသင်း ဖြစ်လာအောင် ဖန်တီး ပုံဖော်သွားဖို့ ရှိနေပြီး လက်ရှိ မေဂျာလိဂ်မှာ ကစားသမားအင်အား အကောင်းဆုံးဖြစ်နေတဲ့ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီအသင်းနဲ့ မဟာပြိုင်ဘက်တွေ ဖြစ်လာအောင်လည်း တည်ဆောက်သွားဖို့ ရှိနေပါတယ်။

Exit mobile version