ဝက်ဘရွန်းအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ဝါရင့်နည်းပြကြီး ဆမ်အလာဒိုက်ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာကို ရောက်ရှိလို့နေတဲ့ အာဆင်နယ်အသင်းက သူတို့ရဲ့ ဝက်ဘရွန်းအသင်းအတွက်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းမဆင်းရရေးအတွက် အားပြိုင်နေရတဲ့ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်နေတယ်လို့ ခနဲ့ပြောဆိုလိုက်ပြီး အာဆင်နယ်ကိုရော အခြားသော တန်းဆင်းဇုန်ထဲက အသင်းတွေကိုပါ အနိုင်ယူသွားဖို့ ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Evening Standard

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ ရုန်းကန်နေရပြီး နိုဝင်ဘာလကနေစတင်ကာ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲအတွင်း မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကိုပဲ အနိုင်ယူထားခဲ့ပြီး ကျန်တဲ့ပွဲတွေမှာတော့ ရလဒ်ပိုင်း တိမ်းစောင်းမှုတွေ ဖြစ်ထားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာလည်း အဆင့်(၁၅)နေရာအထိ ရောက်ရှိနေသလို တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ ရမှတ်အနည်းငယ်သာ ကွာဟနေတော့တာကြောင့် တန်းဆင်းသွားနိုင်တဲ့အရေးနဲ့ပါ ရင်ဆိုင်လို့နေရပါတယ်။

Photo Credit : The Sun

ဒီလိုအခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအကြောင်းနဲ့ပတ်သက်ပြီး ဝက်ဘရွန်းအသင်းနည်းပြဖြစ်သူ ဆမ်အလာဒိုက်က “သူတို့သာ အမှတ်ပေးဇယားအောက်နားမှာ ဆက်ပြီးရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့အသင်းအတွက် တန်းဆင်းဇုန်ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်လာမှာ သေချာပါတယ်။ ဒီလိုအခြေအနေက ကစားသမားတွေရဲ့ ယုံကြည်မှုကို ကျဆင်းစေနိုင်ပါတယ်။ ကျွန်တော်တို့အသင်းသားတွေလည်း ဒီနည်းတူပါပဲ။ ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုလွှတ်မြောက်အောင် လုပ်ရမလဲဆိုတာကိုလည်း သူတို့တွေ တွေးတောနေကြလိမ့်မယ်။ ဘာတွေကြောင့် ဒီလောက်အထိ ကျဆင်းနေရတာလဲဆိုတာပါ တွေးတောနေလိမ့်မယ်။ ဒီလို ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ဘက်က ဘာတွေလုပ်ဆောင်ပေးရမလဲဆိုတာကို သိထားပြီးသားပါ။ ကစားသမားတွေကိုလည်း စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့တွေ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း ယုံကြည်လျော့ရဲ့နေတဲ့ သူတို့ကို အနိုင်ယူလိုက်မယ်ဆိုရင် အသင်းသားတွေရဲ့ ယုံကြည်မှုက ပြန်လည်မြင့်တတ်သွားနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဝက်ဘရွန်းနဲ့ အာဆင်နယ်အသင်းတို့ဟာ လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့မှာ ဝက်ဘရွန်းအသင်းရဲ့ အိမ်ကွင်း The Hawthorns အတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နှစ်သင်းလုံးက ရလဒ်တွေ ထပ်မဆိုးစေဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မှာဖြစ်ပါတယ်။