အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဆမ် အလာဒိုက်ကတော့ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းလို့ လီဗာပူးလ်အသင်းအတွက် ဝမ်းနည်းစရာ ဖြစ်မယ် ဆိုရင်တောင် ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရမယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပွဲစဉ် (၂၉) ပွဲမြောက် ကစားပြီးတဲ့ အချိန်မှာ ရပ်နားထားပြီး လာမယ့် ဧပြီလ (၃၀) ရက်နေ့အထိ အင်္ဂလန် နိုင်ငံက ဘောလုံး ပြိုင်ပွဲ အားလုံးကို ရပ်နားထားပါတယ်။

Photo Credit: Skysports

ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်မယ် ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယား လိဂ် ဆုဖလား ရရှိဖို့ (၆) မှတ်အလိုမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ထားပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်တော့တာ ဖြစ်ပေမဲ့ ဆမ် အလာဒိုက်ကတော့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Skysports

ဆမ် အလာဒိုက်က “ကျွန်တော်တို့ လက်ရှိရာသီကို ဖျက်သိမ်းပြီး နောက်ရာသီကို ပြန်စတင်ဖို့ မျှော်လင့်ရတော့မှာပါ။ အခုလို ဖြစ်နေတဲ့ အချိန်မှာ ရာသီ ဘယ်လို ပြီးဆုံးနိုင်မလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ လူတိုင်းက သူတို့ရဲ့ အိမ်မှာပဲ လုံခြုံအောင် နေသင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ဆိုရင် ဗိုင်းရပ် ကူးစက်မှုက အလွန် လျှင်မြန်ပါတယ်။ အသက်တွေ ဘယ်လောက် ဆုံးရှုံးကြရဦးမှာလဲ။ အခုအခြေအနေကို ရပ်တန့်ပစ်နိုင်တဲ့ နည်းလမ်း တစ်ခုက သီးခြားနေဖို့ပါ။ ဒါက အသင်းများစွာအတွက် ဝမ်းနည်းစရာပါ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် လီဗာပူးလ်အသင်းပါ။ သူတို့က မယုံနိုင်စရာ ရာသီကောင်းကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသက်က အရေးကြီးပါတယ်။ ဒါထက် ပို အရေးကြီးတာ မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။