လက်ရှိ ဆီနီဂေါနိုင်ငံရဲ့ သမ္မတကြီး မက်ဂီဆောလ် ကတော့ သူတို့နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် ဆာဒီယို မာနေးကို အနာဂတ်မှာ ဆီနီဂေါသမ္မတနိုင်ငံရဲ့ သမ္မတတဦး အဖြစ် မြင်တွေ့ချင်ကြောင်း အင်တာဗျူးတခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဒီယို မာနေးဟာ ဆီနီဂေါနိုင်ငံရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ တဦး ဖြစ်ပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။

Photo Credit: Goal

ဆီနီဂေါနိုင်ငံရဲ့ ဆင်းရဲသား ဆင်ခြေဖုံး ရပ်ကွက်တခုမှာ မွေးဖွား ကြီးပြင်းလာခဲ့တဲ့ မာနေးဟာ အောင်မြင်တဲ့ ဘောလုံးသမားတဦး ဖြစ်လာချိန်မှာတော့ လစဉ်လတိုင်း သူ့ရဲ့ မွေးရပ်မြေဆီ ထောက်ပံ့ငွေတွေ များစွာ ပေးပို့ လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မာနေးဟာ ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ဆီနီဂေါနိုင်ငံရဲ့ သမ္မတကြီး မက်ဂီဆောလ်နဲ့ တွေ့ဆုံကာ နိုင်ငံအတွင်းမှာ ဆေးရုံတွေ ၊ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မာနေးဟာ ဆီနီဂေါပြည်သူတွေရဲ့ လူထုသူရဲကောင်း တဦး အဖြစ် သတ်မှတ်ခံထားရပြီး မက်ဂီဆောလ်ကတော့ မာနေး တယောက် ဘောလုံးသမားဘဝ ကနေ အနားယူခဲ့ပါက ဆီနီဂေါနိုင်ငံရဲ့ သမ္မတတဦး အဖြစ် မြင်တွေ့ချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

မာနေးနဲ့ ပတ်သတ်ပြီး မက်ဂီဆောလ်က – “မာနေးသာ သမ္မတ ဖြစ်လာရင် သူ့ရဲ့ ကျော်ကြားမှုတွေ ၊ ပရဟိတ လုပ်ငန်းတွေကြောင့် ဆီနီဂေါ ပြည်သူတွေ အတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာပါလိမ့်မယ်။ ပြီးတော့ သူက ဆီနီဂေါနိုင်ငံရဲ့ အနာဂတ်ပါ။ သူ့ရဲ့ မွန်မြတ်တဲ့ ပရဟိတ လုပ်ငန်းတွေကြောင့် လူတွေကလည်း သူ့ကို ယုံကြည်ကြပါတယ်။ ဒါကြောင့် သူသာ ဆီနီဂေါနိုင်ငံရဲ့ သမ္မတ ဖြစ်လာရင် ပြည်ပနိုင်ငံတွေ ကနေ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရလာပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။