ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဝယ်ယူခြင်းကို ခံထားရပေမယ့် လက်ရှိအချိန် အထိ အာဆင်နယ်အတွက် ပါဝင် ကစားပေးခွင့် မရသေးတဲ့ ပြင်သစ် လူငယ်နောက်ခံလူ ဆာလီဘာက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပြင်သစ်လီဂူးဝမ်း တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် ပြင်သစ်လူငယ် ခံစစ်မှူး ဆာလီဘာဟာ ၂၀၁၉ခုနှစ်ထဲက လီဂူးဝမ်းကလပ် စိန့်အက်တီယန် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အာဆင်နယ်နဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် ယခုချိန်အထိ အာဆင်နယ် အတွက် တပွဲမှ ပါဝင်ကစားပေးခွင့် မရသေးပါဘူး။

 

Photo Credit: Express

အထူးသဖြင့် အာဆင်နယ်ရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူထားတဲ့ မီခေး အာတီတာက ဆာလီဘာရဲ့ ခြေစွမ်းနဲ့ ကစားပုံကို သဘောမကျပဲ ဆာလီဘာထက်စာရင် အင်္ဂလန် နောက်ခံလူ တဦး ဖြစ်သူ ဟိုးဒင်းကိုသာ နေရာပေးချင်နေတာကြောင့် ဆာလီဘာအနေနဲ့ အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရယူဖို့ အခွင့်အရေး မရခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း မာဆေးလ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ရပါတယ်။

မာဆေးလ်ဆီ ပြောင်းရွှေ့ ကစားနေချိန်မှာတော့ ဆာလီဘာက သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ မာဆေးလ်အတွက် ပြိုင်ပွဲစုံ ၅၁ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့သလို ပြင်သစ် လီဂူးဝမ်းရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ပြင်သစ် လီဂူးဝမ်းရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဥရောပ အသင်းကြီး အများစုက ဆာလီဘာကို ခေါ်ယူဖို့ စောင့်ကြည့်လာကြပြီး ဆာလီဘာကတော့ သူ့ရဲ့ အနာဂတ်ကို အာဆင်နယ်ဆီ ပြန်လည် ရောက်ရှိပြီးမှသာ ဆုံးဖြတ်ဖို့ ရှိသလို သူ့ကို ၃နှစ်တိတိ အခွင့်အရေး မပေးခဲ့တဲ့ အာဆင်နယ်နဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ထက် အာဆင်နယ်ကနေ ထွက်ခွာကာ မာဆေးလ် (သို့မဟုတ်) သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကြီးတွေထဲက တသင်းဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Le’Perisen သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။