ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် စိန့်အက်တီယန် အသင်းကနေ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ ပြင်သစ် လူငယ် နောက်ခံလူ ဆာလီဘာဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းကနေ ထွက်ခွာ ရတော့မှာ ဖြစ်ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် နောက်ခံလူ ဆာလီဘာဟာ ပြင်သစ် လီဂူးဝမ်း အသင်းတစ်သင်း ဖြစ်တဲ့ စိန့်အက်တီယန် အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ သူ့ကို ၂၀၁၉ခုနှစ်ကတည်းက ခေါ်ယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ ဆာလီဘာကို စိန့်အက်တီယန် အသင်းမှာ တစ်နှစ် အငှားချခဲ့ပါတယ်။

Photo Credit: Euro Sport

အာဆင်နယ် အသင်းဟာ ဆာလီဘာကို ပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် ဆာလီဘာဟာ အာဆင်နယ် အသင်းရဲ့ အရေးပါတဲ့ နောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ အားလုံးက ထင်ကြေး ပေးခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ ဆာလီဘာဟာ အာဆင်နယ် အသင်းအတွက် ကစားပေးရခြင်း မရှိသလို အသင်းရဲ့ ပထမရာသီဝက် ပရီးမီးယားလိဂ် လူစာရင်း ကနေလည်း ချန်လှပ် ခံခဲ့ရပါတယ်။ လန်ဒန်မြို့ခံ အခြေစိုက် သတင်းဌာနတွေ ကတော့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ဆာလီဘာရဲ့ လေးလံတဲ့ ကစားဟန်ကို သဘောကျခြင်း မရှိတာကြောင့် ဆာလီဘာကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ခဲ့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချလိုပါက ရောင်းချနိုင်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေကို အကြောင်းကြား ထားကြောင်း သိရပါတယ်။

Photo Credit: Euro Sport

ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Euro Sports သတင်းဌာနကတော့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ဂါဘရီရယ် ၊ ဟိုးဒင်း ၊ ဒေးဗစ်လူးဝစ် ၊ မူစတာဖီ ၊ မာရီတို့ ရှိနေတဲ့ အသင်းရဲ့ ခံစစ်ပိုင်း လူအင်အားကို အားရတာကြောင့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေတဲ့ ငွေကြေးအတွက် ဆာလီဘာကို ရောင်းချပြီး ရှာဖွေချင်နေကြောင်း ဖော်ပြ သွားခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ လက်ရှိမှာ ဆာလီဘာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ လက်စတာ အသင်းတို့က စိတ်ဝင်စား နေကြသလို သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ စိန့်အက်တီယန် အသင်းကလည်း ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစား လာနိုင်ကြောင်း သိရပါတယ်။