အာဆင်နယ်အသင်းရဲ့နည်းပြဖြစ်သူ အာတီတာကတော့ နွေအပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်တဲ့ အောက်တိုဘာလ(၅)ရက်နေ့မတိုင်ခင်မှာ အသင်းရဲ့ လူငယ်နောက်ခံကစားသမားလေးဖြစ်တဲ့ ဝီလီယံဆလီဘာကို ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိစေဖို့အတွက် အသင်းကနေ တစ်ရာသီလောက် ထပ်မံအငှားချသွားဖို့ကို စဉ်းစားလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီကစားသမားလေးကို ခေါ်ယူဖို့အတွက် ပြင်သစ်လီဂူးကလပ် ရန်းနက်စ်အသင်းကနေ ဆက်သွယ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ်ရှိ ပြင်သစ်နောက်ခံကစားသမားလေး ဆလီဘာဟာ မနှစ်ကမှ စိန့်အက်တီယန်အသင်းကနေ အာဆင်နယ်ဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး စာချုပ်ပါ အချက်အလက်တွေကြောင့် စိန့်အက်တီယန်မှာ တစ်ရာသီအငှားချခဲ့ရကာ ဒီနှစ်ရာသီမှ အာဆင်နယ်ဆီကို ပြန်ရောက်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဆလီဘာဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင် လိဂ်ပွဲစဉ်တွေမှာပါ တစ်မိနစ်မှ ပါဝင်ကစားရခြင်းမရှိပဲ လူငယ်အသင်းနဲ့သာ ကစားနေရတာဖြစ်လို့ ပွဲထွက်ကစားခွင့် ပိုမိုရရှိစေဖို့အတွက် နည်းပြအာတီတာက သူ့ကို အငှားချသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်အသင်းဟာ ဆလီဘာကို အမ်ကေဒွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ရာသီကြိုခြေစမ်းပွဲအတွင်းမှာသာ အသင်းရဲ့လူစာရင်းအတွင်း အသုံးပြုခဲ့တာဖြစ်ပေမယ့် အသင်းရဲ့တရားဝင်ပွဲစဉ်တွေဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းပွဲစဉ်တွေမှာတော့ အသင်းရဲ့ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ကာ တစ်ပွဲမှလည်း ဝင်မကစားခဲ့ရပါဘူး။ ဒါကြောင့် အာဆင်နယ်နည်းပြ အာတီတာက သူတို့ရဲ့ လူငယ်ကြယ်ပွင့်လေးကို ပွဲထွက်ကစားသမားအဖြစ် အတွေ့အကြုံတွေ ပိုမိုရရှိစေဖို့အတွက် နောက်ထပ်တစ်ရာသီ အငှားချသွားချင်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိလို့ထားတဲ့ လီဂူးကလပ် ရန်းနက်စ်အသင်းကနေ ဆလီဘာကို ခေါ်ယူသွားချင်နေပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ (၃)ယောက်တန်း ခံစစ်ကစားဟန်ကို ဆက်တိုက်အသုံးပြုနေတာဖြစ်ပြီး ခံစစ်တန်းမှာ ဒေးဗစ်လုဇ် ဟိုးဒင်း ဂါဘရီရယ် တီယာနေးတို့ကို အသုံးပြုနေလျက်ရှိသလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပါဘလိုမာရီလည်း ရှိနေသေးတာကြောင့် ဆလီဘာအနေနဲ့ အသင်းမှာ နေရာပျောက်ဖို့က သေချာနေပြီး နောက်ထပ်ခံစစ်မှူးတွေဖြစ်တဲ့ မူစတာဖီနဲ့ ချမ်ဘာတို့ဟာလည်း အာဆင်နယ်ကနေ ထွက်ခွာသွားရဖို့ နီးစပ်လျက်ရှိနေပါတယ်။