အာဆင်နယ်အသင်းက ဒီနှစ် ဘောလုံးရာသီအစပိုင်းမှာ ခံစစ်ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရာကနေ အခုဆိုရင် တိုက်စစ်ကစားသမားတွေပါ ဒဏ်ရာတွေနဲ့ ကြုံတွေ့နေရပြီး ဆောင်းဈေးကွက်မှာ တိုက်စစ်အားမဖြည့်လိုက်နိုင်တာကလည်း အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေရပါတယ်။
အာဆင်နယ်ရဲ့ အဓိက တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ပေါင်ဒဏ်ရာ ခွဲစိတ်မှု ခံယူရပြီး မတ်လလောက်မှ ပြန်ကစားပေးနိုင်မှာ ဖြစ်သလို နောက်ထပ် တောင်ပံကစားသမားဖြစ်သူ ဂါဘရီရယ်လ် မာတင်နယ်လီကလည်း တံကောက်ကြောကြောင့် တစ်လလောက် အနားယူနေရပါတယ်။
Photo Credit : Sky Sports
အသင်းက တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဘရီရယ်လ် ဂျေဇူးက ACL ထိထားလို့ ကာလအတန်ကြာ နားရမှာဖြစ်ပြီး ကိုင်း ဟာဗက်ဇ်ကလည်း ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းနေချိန်အတွင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကာ ခွဲစိတ်မှုပါ လုပ်ဆောင်ရတော့မှာမို့ ရာသီကုန်အထိ နားရပါတော့မယ်။ ဒီအချိန် အာဆင်နယ်ရဲ့ တိုက်စစ်မှာ စတားလင်း ထရော့ဆာဒ်နဲ့ နွန်နရီတို့ (၃)ဦးတည်းသာ ရှိနေပါတော့တယ်။
အခုအချိန်ကလည်း အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းထားချိန် ဖြစ်နေတာကြောင့် ကစားသမား ခေါ်ယူလို့ မရတော့ပေမယ့် အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေကိုတော့ ခေါ်ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က free agent တိုက်စစ်မှူးတွေကို ခေါ်ယူသွားဖို့ ဆန္ဒမရှိဘဲ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကိုသာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။
Photo Credit : Pain in the Arsenal
ဒီအချိန်မှာပဲ အာဆင်နယ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ခံစစ်မှူး ဝီလီယံ ဆလီဘာက အသင်းတိုက်စစ်မှာ ကစားပေးဖို့ ဟာသဆန်ဆန် ကမ်းလှမ်းလာခဲ့တယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ပြောဆိုလာခဲ့ပါတယ်။ “ဝီလီက အရမ်း ရယ်ရတယ်။ သူက ချက်ချင်းပဲ ပြောခဲ့တာ။ ဒါဟာ သူ့ရဲ့ တုံ့ပြန်မှုတွေထဲက တစ်ခုပါ။”
“ပြီးတော့ သူက တိုက်စစ်မှူးအဖြစ်လည်း ကစားခဲ့ဖူးပြီး ဂိုးတွေ အများကြီး သွင်းခဲ့ဖူးတာလည်း မှန်ပါတယ်။ ဒါပေမယ့် သူပြောသလိုပဲ ငယ်ငယ်တုန်းက အဲဒီနေရာတွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေ အများကြီးရှိနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဆလီဘာက ခံစစ်မှာ မကစားခင် ငယ်စဉ်တုန်းက တိုက်စစ်မှူးအဖြစ် ကစားခဲ့စဉ် ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။