ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ဆာလီဘာဟာ ပြင်သစ်လီဂူး အသင်းတစ်သင်း ဖြစ်တဲ့ နိုက်စ်အသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လူမျိုး လူငယ် ဗဟိုနောက်ခံလူ ဆာလီဘာ ဟာ အာဆင်နယ် အသင်းထံ မရောက်ရှိခင်မှာ ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန် အသင်းရဲ့ မရှိမဖြစ် နောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ကာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနာဂတ် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ ရပေမယ့် အာဆင်နယ်အသင်း မှာတော့ နေရာမရခဲ့ပါဘူး။

Photo Credit: Standard

အာဆင်နယ် အသင်းဟာ ဆာလီဘာကို စိန့်အက်တီယန် အသင်းကနေ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ မှာ ယူရို ၃၀သန်းနဲ့ ခေါ်ယူခဲ့ပြီး စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား ပြန်ချခဲ့ပါတယ်။ စိန့်အက်တီယန် အသင်းနဲ့အတူ တစ်ရာသီရှိခဲ့ အပြီး ယခုနှစ် ဘောလုံးရာသီ အစမှာ ဆာလီဘာဟာ အာဆင်နယ် အသင်းထံ ရောက်ရှိလာပေမယ့် အာဆင်နယ် အသင်းရဲ့ လူစာရင်းမှာ သူ့အတွက် နေရာ မရှိခဲ့ပါဘူး။ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ သူ့ရဲ့ ယူရိုပါလိဂ် လူစာရင်းကနေရော ပရီးမီးယားလိဂ် လူစာရင်းကနေပါ ဆာလီဘာကို ချန်လှပ်ခဲ့သလို ကာရာဘောင်း ဖလားပြိုင်ပွဲမှာလည်း ဆာလီဘာကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။

Photo Credit: Standard

ဒါ့ကြောင့်ပဲ ဆာလီဘာဟာ သူ့ရဲ့ ကစားသမားဘဝ အတွက် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး နိုက်စ်အသင်းထံ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေပါတယ်။ ဆာလီဘာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ စိန့်အက်တီယန် အသင်းကလည်း ကြိုးစားခဲ့ပေမယ့် အာဆင်နယ် အသင်းဟာ ဆာလီဘာဟာ အနာဂတ်မှာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်လာနိုင်တဲ့ အချက်ကြောင့် ဆာလီဘာကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းလာတဲ့ စိန့်အက်တီယန် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရာသီဝက်အငှား သီးသန့်နဲ့ ကမ်းလှမ်းခဲ့တဲ့ နိုက်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။