ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကနေ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ပြင်သစ်လက်ရွေးစင် လူငယ်ကြယ်ပွင့် နောက်ခံလူ ဆာလီဘာကတော့ သူဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် အာဆင်နယ်ဆီ ပြန်မသွားချင်ပဲ မာဆေးလ်မှာသာ ဆက်လက် ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဆာလီဘာဟာ ၂၀၁၉ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အာဆင်နယ်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် ယခုချိန်အထိ အာဆင်နယ် အတွက် တပွဲမှ ပါဝင် ကစားပေးခွင့် မရသေးပါဘူး။

Photo Credit: Goal

ဆာလီဘာက အာဆင်နယ် ကစားသမား အဖြစ် ၃နှစ်တာ ရှိနေခဲ့ပေမယ့် အသင်းအတွက် တပွဲမှ ပါဝင် ကစားပေးခွင့် မရခဲ့သလို စိန့်အက်တီယန် ၊ နိုက်စ် ၊ မာဆေးလ် စတဲ့ ပြင်သစ် လီဂူးဝမ်းကလပ်တွေဆီ ၃နှစ်ဆက်တိုက် အငှားနဲ့ သွားရောက် ကစားခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း မာဆေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မာဆေးလ်က အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဆာလီဘာကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဆာလီဘာကလည်း သူဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် မာဆေးလ်နဲ့သာ အတူ ရှိချင်သလို အာဆင်နယ် အတွက် တပွဲမှ ကစားပေးခွင့် မရသေးတာကြောင့် အာဆင်နယ်ဆီ ပြန်မသွားချင်ဘူးလို့ ဆိုပါတယ်။

Photo Credit: Goal

ဆာလီဘာက – “ဒီနွေရာသီ အပြီးမှာ ကျွန်တော်က မာဆေးလ်ဆီ ပြန်လာချင်ပါတယ်။ ပြီးတော့ ကျွန်တော်က ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ကစားချင်ပါတယ်။ ကျွန်တော်က အာဆင်နယ်အတွက် တပွဲမှ မကစားခဲ့ရသလို လာမယ့်ရာသီမှာလည်း မာဆေးလ်နဲ့သာ စွန့်စားခန်းတွေ ဖွင့်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။