စိန့်အက်တီယန်အသင်းကနေ အငှားစာချုပ်ပြည့်မြောက်သွားလိို့ မူလကလပ် အာဆင်နယ်အသင်းဆီကို ပြန်လည်ရောက်ရှိလာတော့မယ့် ပြင်သစ်နောက်ခံကစားသမားလေး ဝီလီယံဆလီဘာက တကယ့်ကို အရည်အသွေးမြင့်မားလှတဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်ပြီး သူရဲ့ခြေစွမ်းပိုင်းက လက်ရှိကမာပေါ်မှာ အကောင်းဆုံးဗဟိုနောက်ခံလူတွေဖြစ်တဲ့ လီဗာပူးလ် ခံစစ်ကစားသမား ဗာဂျယ်ဗန်ဒိုက်နဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်ကစားသမား ရာဖေးလ်ဗာရန်းတို့နှစ်ယောက်ကို ပေါင်းစပ်ထားသလိုပဲလို့ ဆလီဘာရဲ့ဆရာဟောင်းဖြစ်သူကနေ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၁၉)နှစ်သာရှိသေးတဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ဆလီဘာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ စိန်အက်တီယန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းနဲ့ ရောက်ရှိလာခဲ့ဖြစ်ပြီး အသင်းနဲ့ ပွဲဦးမထွက်ခင်မှာ သူရဲ့အသင်းဟောင်း တစ်ရာသီအငှားချခဲ့တာကြောင့် ဒီရာသီမှသာ အသင်းနဲ့ စတင်ပူးပေါင်းရမှာဖြစ်ပါတယ်။ ဆလီဘာရဲ့ခြေစွမ်းပိုင်းတွေနဲ့ပတ်သက်ပြီး ဆလီဘာရဲ့ဆရာဟောင်းဖြစ်သူ ဗန်နူချီက “ဆလီဘာက ပုံစံ(၂)မျိုး ရောစပ်ထားတဲ့ ကစားသမားလေးပါ။ သူမှာ ဗာရန်းလိုမျိုး ပြေးအားတွေ ပါဝါတွေရှိနေတဲ့အပြင် ဗန်ဒိုက်လိုပါ ဘောလုံးဖြတ်ထုတ်ပုံကောင်းမှုတွေနဲ့ ကွင်းအတွင်း နေရာယူပုံကောင်းခြင်းတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။

Photo Credit : The Boot Room

“ကျွန်တာ်သူ့ကို စတင်ပြီး သတိထားမိခဲ့တုန်းကဆိုရင် သူရဲ့မျိုးဆက်အတွင်းမှာ အကောင်းဆုံးကစားသမားတစ်ယောက်လို့တောင် မြင်ခဲ့မိသေးတယ်။ သူနဲ့ တခြားလူငယ်ကစားသမားတွေရဲ့ကြားမှာ ကွာဟချက်တွေက ကြီးမားလွန်းတယ်။ ဘောလုံးကို ခံစစ်ကနေ ကွင်းလယ်ပိုင်းလောက်အထိ ဆွဲယူလာပြီးဆိုရင် သူ့ကို ဘယ်သူကမှ တားဆီးလို့မရနိုင်ဘူး။ အဲ့ဒီအချိန်မှာ သူ့ကိုကြည့်ရတာ မကောင်းဆိုးဝါးကြီးတစ်ကောင်လိုပါပဲ။ သူ စိန့်အက်တီယန်အတွက် ကစားပေးခဲ့စဉ်တုန်းက သူရဲ့ပုံစံက သူ့အသက်အရွှယ်နဲ့မလိုက်အောင် အေးဆေးတည်ငြိမ်လွန်းလှတယ်” လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ခံစစ်ပိုင်းအားနည်းချက်တွေကို ကြုံတွေ့ခံစားထားခဲ့ရပြီး ခံစစ်အမှားကြောင့် ရမှတ်တွေ ဆုံးရှံးထားရပြီး ဒီလိုအားနည်းချက်တွေကို ဆလီဘာဘက်ကနေ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ဗန်နူချီက ပြောဆိုလာခဲ့ပါတယ်။ ဆလီဘာကို စတင်သုံးစွဲလို့ရတော့မယ့် အာဆင်နယ်အသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ နောက်ထပ်ပြင်သစ်လီဂူး နောက်ခံလူတစ်ယောက်ဖြစ်တဲ့ လိုင်လီခံစစ်ကစားသမား ဂါဘရီရယ်ကိုလည်း ခေါ်ယူနိုင်ဖို့က အလွန်နီးစပ်နေပြီး မကြာခင်မှာပဲ အာဆင်နယ်ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရှိရပါတယ်။