လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မိုဟာမက် ဆာလာအနေနဲ့ ဒီနှစ်ထဲ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်ဖို့ဆိုတာဟာ ဒီရာသီထဲ အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်မှသာ ဖြစ်လာနိုင်လိမ့်မယ်လို့ လီဗာပူးလ်နည်းပြ အာနေး စလော့က မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

အသက်(၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အတွက် ဂိုးပါဝင်ပတ်သက်မှုပေါင်း (၄၁)ကြိမ်အထိ လုပ်ဆောင်ထားပြီး သွင်းဂိုး (၂၅)ဂိုး ဂိုးဖန်တီးမှု (၁၆)ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံမှာလည်း ဂိုး(၃၀)သွင်းထားသလို (၂၁)ဂိုးအထိ ဖန်တီးပေးထားပါသေးတယ်။

Photo Credit : Eurosport

ဆာလာက ဒီလို ခြေစွမ်းမျိုးတွေ ပြသနေသလို လီဗာပူးလ်ကလည်း ဒီရာသီ ဖလား(၃)လုံးလမ်းကြောင်းမှာ ရှိလို့နေပြီး လက်ရှိ အနေအထားအရတော့ လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူနိုင်ဖို့ သေချာသလောက် ဖြစ်နေသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲနိုင်ဖို့ ရေပန်းစားလျက် ရှိနေပါတယ်။

တကယ်လို့ ဒီရာသီထဲမှာ လီဗာပူးလ်က ဆုဖလားတွေ ဆွတ်ခူးနိုင်မယ်ဆိုရင် ဆာလာကလည်း ဘာလွန်းဒေါဆုအတွက် အခြေအနေကောင်းလာနိုင်ကြောင်းကို စလော့က “မိုက ဒီဆွေးနွေးမှုထဲမှာ ပါဝင်နေတာက ကောင်းတဲ့အရာပါ။ ဘာလို့လဲဆိုတော့ သူ ကောင်းကောင်းလုပ်နေပြီး ကျွန်တော်တို့လည်း ကောင်းကောင်းလုပ်နေလို့ပါ။”

Photo Credit : Goal

“ဒါပေမယ့် ဆွေးနွေးမှုထဲမှာ ဆက်လက်ပါဝင်ဖို့ သူဟာ (၇)လ ဒါမှမဟုတ် (၈)လအတွင်း လုပ်ဆောင်ခဲ့တဲ့ ခြေစွမ်းတွေကို ပြန်လည်ပြသသင့်ပါတယ်။ ယေဘူယျအားဖြင့် တစ်ယောက်ယောက်က ဘာလွန်းဒေါဆုကို ရရှိဖို့ သူဟာ သူ့အသင်းနဲ့အတူ တစ်ခုခုကို ရယူနိုင်ရပါမယ်။ သူနဲ့ ကျွန်တော်တို့ရှေ့မှာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ရှိပါတယ်။”

“သူက ဒီစိန်ခေါ်မှုကို ဘယ်လို ရင်ဆိုင်လဲဆိုတာ ကျွန်တော် သဘောကျပါတယ်။ ကြီးမားတဲ့ ဂိုးတစ်ဂိုး သွင်းယူတာ ဒါမှမဟုတ် ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်တာတင် မဟုတ်ပါဘူး။ သူက အသင်းကို အနိုင်ရစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ခံစစ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုက ထူးချွန်ခဲ့လို့ပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ တစ်ခုခုကို ရယူနိုင်မယ်ဆိုရင် သူဟာလည်း ဘာလွန်းဒေါလို တစ်ဦးချင်းဆုကို ရရှိဖို့ အခွင့်အရေး ပိုကောင်းလာမှာပါ။” လို့ ဆိုလိုက်ပါတယ်။