အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက လက်ရှိမှာ တံကောက်ကြော ဒဏ်ရာ ရရှိနေပေမယ့်လည်း သူ့အနေနဲ့ အီဂျစ်နဲ့အတူ ကျင်းပနေဆဲဖြစ်တဲ့ အာဖရိကဖလားပြိုင်ပွဲကို ဆက်လက် ဆင်နွဲရဖို့အတွက် တက်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ထိပ်တန်း တိုက်စစ်ကစားသမား ဆာလာဟာ အီဂျစ်အတွက် အာဖရ်ိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေကို ဆင်နွဲရင်း မိုဇမ်ဘစ်နဲ့ပွဲမှာ ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပေမယ့် ဂါနာနဲ့ပွဲစဉ်မှာတော့ ဒဏ်ရာ ရရှိသွားခဲ့လို့ အီဂျစ်ရဲ့ အုပ်စုနောက်ဆုံးပွဲကိုပါ လွဲချော်လိုက်ရပါတယ်။

Photo Credit : AP News

ဆာလာက သူရဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အာဖရိကဖလားပြိုင်ပွဲ ကျင်းပရာ အိုင်ဗရီကို့စ်နိုင်ငံကနေ အင်္ဂလန်ဆီ ပြန်လာခဲ့ရပြီး ဆေးကုသမှုတွေ ခံယူရင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။ ဒါ့အပြင် ဆာလာအနေနဲ့ အနည်းဆုံး (၃)ပတ်ခန့်လောက်အထိ အနားယူသွားရဖွယ်လည်း ရှိနေပါသေးတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆာလာက “မနေ့ကပဲ ကျွန်တော်ရဲ့ ကုသမှုနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေကို စတင် လုပ်ဆောင်ခဲ့ရပါတယ်။ အစကတည်းက ကျွန်တော်တို့တွေ သဘောတူညီထားတဲ့အတိုင်း လက်ရွေးစင်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖို့အတွက် တက်နိုင်သမျှ အဆင့်သင့် ဖြစ်နေအောင် အစွမ်းကုန် လုပ်ဆောင်သွားပါမယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Independent

 

ဆာလာရဲ့ အခုလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကလည်း ဆာလာအနေနဲ့ ဒဏ်ရာကနေ သက်သာလာကာ ကြံခိုင်မှုလည်း ပြည့်ဝနေမယ်ဆိုရင် အီဂျစ်အသင်းနဲ့ ပြန်လည် ပူးပေါင်းလိမ့်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါသေးတယ်။

ဆာလာရဲ့ အီဂျစ်အသင်းကတော့ အုပ်စု (B)မှာ တစ်ပွဲမှ အနိုင်မရခဲ့ပဲ သရေပွဲ (၃)ပွဲကနေ ရရှိတဲ့ အမှတ် (၃)မှတ်ကြောင့် (၁၆)သင်းအဆင့်ဆီ တက်လှမ်းခဲ့ရင် ရှုံးထွက် (၁၆)သင်းအဆင့်မှာတော့ ကွန်ဂိုအသင်းနဲ့ ရင်ဆိုင်သွားရမှာလည်း ဖြစ်ပါတယ်။