ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကနေ ထွက်ခွာပြီး ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်လာပြီးနောက် ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

Photo Credit: TeleFootball

ဒါပေမယ့် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်ပေးနေတဲ့ ကစားသမား တဦး ဖြစ်နေဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၃၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို လက်လွှတ်ရဖို့ ရှိနေတဲ့ ပီအက်စ်ဂျီက ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဆာလာကလည်း ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေ ရှိနေကြောင်း သိရပါတယ်။

Photo Credit: TeleFootball

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနက မိုဟာမက် ဆာလာဟာ လီဗာပူးကို စွန့်ခွာပြီး ပြင်သစ်မြေဆီ သွားရောက် ကစားဖို့ စိတ်ကူးနေပြီး သူနဲ့ မက်ဆီတို့ရဲ့ အတွဲအဖက်ကြောင့် ပီအက်စ်ဂျီ အနေနဲ့ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေကြောင်း ဖော်ပြထားပြီး ဆာလာနဲ့ နီးစပ်သူတွေကလည်း ဆာလာဟာ ရာသီကုန်မှာ လီဗာပူးကို စွန့်ခွာဖို့ စဉ်းစားနေကြောင်း အတည်ပြု ပြောကြားထားကြပါတယ်။