ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ စပိန်နာမည်ကြီးကလပ် ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် သူက ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်မှာလည်း ပြိုင်ဘက် ဗီလာရီးရဲလ်ကို ၂-၀ ၊ ၂-၃ ဆိုတဲ့ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက သူဟာ ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ စီးတီးထက် သူတို့အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တကြိမ် အနိုင်ရခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်နဲ့သာ ထိပ်တိုက် တွေ့ဆုံချင်ကြောင်း ဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ဟာ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးကြပြီး အဆိုပါပွဲစဉ်မှာ ဆာလာဟာ ပခုံးဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခဲ့ရသလို လီဗာပူးကလည်း ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရဖူးပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဆာလာက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ကာ ရှုံးကြွေးဆပ်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံချင်တဲ့ အကြောင်းကို ဆာလာက – “ကျွန်တော်က ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားချင်ပါတယ်။ ဒါက အရိုးသားဆုံး ပြောတာပါ။ မန်ချက်စတာ စီးတီးက ကျွန်တော်တို့ အတွက် အတော်လေးကို ခက်ခဲစေမယ့် ပြိုင်ဘက်ကောင်းပါ။ ဒီရာသီမှာ ကျွန်တော်တို့က သူတို့နဲ့လည်း အကြိမ်ရေ အတော်များများ ကစားခဲ့ပြီးပြီလေ။ ဒါကြောင့် ကျွန်တော် တဦးထဲရဲ့ ခံစားချက်နဲ့ ပြောရရင် ကျွန်တော်က ရီးရဲလ်မက်ဒရစ်နဲ့ပဲ ဗိုလ်လုပွဲမှာ တွေ့ချင်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတယ်လေ။ ဒါကြောင့် ကျွန်တော်က သူတို့နဲ့ ရင်ဆိုင် ကစားချင်နေတာပါ။ ဒီတကြိမ်မှာ ကျွန်တော်တို့က သူတို့ကို အနိုင်ယူနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ထုတ်ပြောလာတာပါ။