ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ သူ့ရဲ့ လက်ရှိကလပ် လီဗာပူးအသင်း အနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ရင် သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ လုပ်ခလစာမျိုးကို ပေးချေဖို့ လိုအပ်လိမ့်မယ်လို့ အသိပေးသွားပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ လက်ရှိ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမား အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်သူပါ။

Photo Credit: Team Talk

ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ စုစုပေါင်း သွင်းဂိုး ၁၉ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မိုဟာမက် ဆာလာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး လီဗာပူးအသင်း ကတော့ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သူ မိုဟာမက် ဆာလာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ယခုနှစ် ဘောလုံးရာသီ အစထဲက စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားပါတယ်။

Photo Credit: Team Talk

လီဗာပူးအသင်းနဲ့ မိုဟာမက် ဆာလာတို့ရဲ့ ကြားမှာ ရှိနေတဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၃ခုနှစ် ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် လီဗာပူးအသင်း အနေနဲ့ ဆာလာကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် ဆာလာဘက်က ကမ္ဘာ့အကောင်းဆုံး ကစားသမား တဦးရဲ့ လုပ်ခလစာ ပမာဏမျိုး ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၄သိန်းကျော် အထိ လိုချင်နေတာကြောင့် စာချုပ်သစ် အတွက် သဘောတူညီမှု ရဖို့ ခက်ခဲနေပါတယ်။

ဆာလာကတော့ သူဟာ လီဗာပူးအသင်းမှာ ဆက်ရှိချင်ပေမယ့် အသင်းအနေနဲ့လည်း သူ့ကို သူ့ရဲ့ ခြေစွမ်းနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ ပမာဏမျိုး ပေးချေရန် လိုအပ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Team Talk

ဆာလာက – “စာချုပ်သစ်နဲ့ ပတ်သတ်ပြီး အကြိမ်ပေါင်းများစွာ ကျွန်တော် ဖြေခဲ့ပြီးပါပြီ။ တကယ်လို့ စာချုပ်သစ် ကိစ္စကိုသာ ကျွန်တော့်ဘက်က ဆုံးဖြတ်ရမယ် ဆိုရင် ကျွန်တော် အသင်းမှာပဲ ဆက်ပြီး နေချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်နိုင်တဲ့ လူတွေကတော့ စီမံခန့်ခွဲရေးအဖွဲ့က လူတွေပါပဲ။ ကျွန်တော်နဲ့ အသင်းကြားမှာ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး သဘောတူညီမှု ရဖို့တော့ လိုအပ်နေပါတယ်။ ပြီးတော့ ဒီလို သဘောတူညီမှု ရဖို့ကလည်း လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေ အပေါ်ပဲ မူတည်ပါတယ်။ လုပ်ခလစာဆိုတာက အသင်းဟာ ခင်ဗျားရဲ့ ခြေစွမ်းပိုင်းကို ဘယ်လောက်အထိ သဘောကျလဲ ဆိုတာကို သက်သေပြတဲ့ အရာတခု ဖြစ်သလို အသင်းက ခင်ဗျား အသင်းမှာ ဆက်နေအောင် ဘာမဆို လုပ်သွားမယ် ဆိုတဲ့ သဘောထားကို ပြသတဲ့ အရာလည်း ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။