လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာက လီဗာပူးလ်အသင်းနဲ့ (၂)နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ခံစားချက်တွေကို ပြောကြားခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၃၆.၅)သန်းနဲ့ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ (၃၉၄)ပွဲမှာ (၂၄၃)ဂိုး အံ့မခန်း သွင်းယူထားပါတယ်။

Photo Credit : Liverpool FC

လီဗာပူးလ်နဲ့ အဓိက ဖလား(၈)လုံး ရရှိထားတဲ့ ဆာလာဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ နီးစပ်နေချိန်မှာ အာနေး ဆလော့ရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဆာလာရဲ့ ယခင်စာချုပ်ဟာ ဒီနွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း ရာသီတစ်လျှောက်လုံး အဓိက ပြောစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့သလို သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါတိုင်းမှာ ဆာလာက မရေရာတဲ့ အဖြေတွေကို ပုံမှန်ပေးခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့မှာ အသင်းက သူဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဲ့ဒီ စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းအမှားတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ သတင်းအတည်ပြုပြီး မကြာခင်မှာပဲ ဆာလာက သူ့ရဲ့ ဝမ်းသာမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အကြောင်းပြချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit : Liverpool FC

“ဟုတ်ပါတယ် ကျွန်တော် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အခု ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်း ရှိပါတယ်။ အရင်ကလည်း အရမ်းကောင်းတဲ့ အသင်းတစ်သင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လက်မှတ်ထိုးခဲ့တာက တခြားဖလားတွေကိုလည်း ရယူနိုင်ပြီး ကျွန်တော့်ရဲ့ ဘောလုံးကစားခြင်းကို ပျော်ရွှင်နိုင်မယ်လို့ ထင်လို့ပါ။ ဒါဟာ အရမ်းကောင်းပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးနှစ်တွေကို ဒီမှာ ပိုင်ဆိုင်ခဲ့ပါတယ်။”

“ကျွန်တော် (၈)နှစ် ကစားခဲ့ပြီး မျှော်လင့်တာကတော့ (၁၀)နှစ်ဖြစ်ဖို့ပါ။ ဒီမှာ ကျွန်တော့်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး ကျွန်တော့်ရဲ့ ဘောလုံးကစားခြင်းကိုလည်း ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးနှစ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပရိသတ်တွေကို ကျွန်တော် ဒီမှာရှိနေရတာ အရမ်းပျော်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် ဒီမှာ လက်မှတ်ထိုးခဲ့တာက ကျွန်တော်တို့ အတူတူ ဖလားကြီးတွေ အများကြီး ရယူနိုင်မယ်လို့ ယုံကြည်လို့ပါ။ ကျွန်တော်တို့ကို ဆက်လက် အားပေးကြပါ။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်၊ မျှော်လင့်တာကတော့ အနာဂတ်မှာ ဖလားတွေ ပိုရယူနိုင်ဖို့ပါ။” လို့ လီဗာပူးလ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ဆာလာက ပြောပါတယ်။