ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ အီဂျစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့် အတွက် အရေးပါတဲ့ ခြေစစ်ပွဲမှာ ဆီနီဂေါကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး အီဂျစ်ကိုလည်း နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဆာလာရဲ့ အီဂျစ်ဟာ အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့် တနေရာစာ အတွက် အရေးပါတဲ့ ခြေစစ်ပွဲမှာလည်း ဆီနီဂေါကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ထပ်မံ အရေးနိမ့်ကာ ကမ္ဘာ့ဖလားအိမ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ အီဂျစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်နေတဲ့ ဆာလာကို ဝေဖန်သူတွေ အလျိုလျို ထွက်ပေါ်လာခဲ့ပြီး ဆာလာကလည်း သူဟာ အီဂျစ်အသင်းဖော်တွေနဲ့ အတူ ကစားခွင့် ရတဲ့ အတွက် ဂုဏ်ယူမိကြောင်းနဲ့ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ အနာဂတ်ဟာ သေချာ ရေရာမှု မရှိတော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဆာလာက – “ကျွန်တော်က ဆီနီဂေါနဲ့ ဒုတိယအကျော့ မကစားခင်မှာ အီဂျစ်အသင်းဖော်တွေကို သူတို့နဲ့ အတူတကွ တွဲကစားခဲ့ရလို့ ဂုဏ်ယူမိကြောင်းနဲ့ သူတို့က ကျွန်တော် တွဲကစားဖူးတဲ့ ကစားသမား အုပ်စုထဲမှာ အကောင်းဆုံး ကစားသမားအုပ်စု ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်က နိုင်ငံလက်ရွေးစင် ကစားသမားဟောင်းတွေနဲ့လည်း မကြာခဏ စကားပြောဖြစ်သလို ကျွန်တော်တို့ မျိုးဆက်ရဲ့ လုပ်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး ကျေနပ်မှု ရှိပါတယ်။ ဒီအသင်းမှာ ကျွန်တော် ဆက်ရှိသည် ဖြစ်စေ ၊ မရှိတော့သည် ဖြစ်စေ အီဂျစ်အတွက် ကိုယ်စားပြု ကစားခွင့် ရခဲ့လို့ ဂုဏ်ယူမိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။