ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ် ၁-၆ လီဗာပူး ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ဘယ်ခြေနဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

လိဒ်ယူနိုက်တက်နဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် လိဒ်ယူနိုက်တက်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အယ်လန်ရုဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဧည့်သည် လီဗာပူးက ဂတ်ပို ၊ ဆာလာ ၊ ဂျိုတာနဲ့ နူနက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ၁ပွဲ ရရှိခဲ့ပါတယ်။

Photo Credit: 90 Min

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်လိုအပ်နေတဲ့ လီဗာပူးက လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ပွဲစပွဲဆုံး တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဆာလာ ၊ ဂျိုတာနဲ့ အာနိုးလ်တို့က လီဗာပူးရဲ့ နိုင်ပွဲအတွက် အဓိကကျခဲ့သူတွေပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ မိုဟာမက် ဆာလာက လီဗာပူးအတွက် သွင်းဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ၂ဂိုးစလုံးကို ဘယ်ခြေနဲ့သာ သွင်းယူခဲ့တာ ဖြစ်ကာ အဆိုပါ သွင်းဂိုး ၂ဂိုးကြောင့် ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာပဲ ဘယ်ခြေနဲ့ သွင်းတဲ့ ဂိုးအရေအတွက်ဟာ ၁၀၇ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Flip Board

ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာ ဘယ်ခြေနဲ့ သွင်းဂိုး ၁၀၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဆာလာဟာ လီဗာပူး ဂန္တဝင် တိုက်စစ်မှူး ရော်ဘီ ဖောင်လာကို (၁၀၅ဂိုး) ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ခြေနဲ့ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆာလာက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၉၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈၂ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၇၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။