မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ လီဗာပူး အသင်းနဲ့ မစ်ဂျေးလန်း အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလက် ကတော့ စတီဗင် ဂျာရတ် ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး လီဗာပူး အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ လီ‌ဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂျန် ကလော့ပ်ကတော့ ဆာလက် အနေနဲ့ ထိုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာနေခဲ့ပြီး သူ့ရဲ့ ကစားသမားကို အထူးချီးကျုးသွားခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူး ဆာလက် ဟာ မစ်ဂျေးလန်း နဲ့ ၁-၁ သရေကျတဲ့ ပွဲစဉ်မှာ လီဗာပူး အသင်းအတွက် အဖွင့်ဂိုးကို စောစောစီးစီးပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ပွဲစပြီးလို့ ၁ မိနစ်မပြည့်ခင် ၅၅ စက္ကန့်လောက်မှာပဲ ဆာလက် က အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီးတော့ အဆိုပါ သွင်းဂိုးဟာ လီဗာပူး အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အလျှင်မြန်‌ဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးဟာ အီဂျစ်လက်ရွေးစင်ကစားသမား ဆာလက် အတွက် လီဗာပူးအသင်းနဲ့ အတူ ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၂၂ ဂိုးမြောက်သွင်းဂိုး ဖြစ်လာခဲ့ပြီး‌တော့ ဂျာရတ်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က လီဗာပူး အသင်းရဲ့ ချန်ပီယံလိဂ် အများဆုံး သွင်းဂိုးရှင်ကတော့ အသင်းရဲ့ ဂန္တဝင်ကစားသမား စတီဗင် ဂျာရတ် ဖြစ်ပြီး ချန်ပီယံလိဂ် သွင်းဂိုး ၂၁ ဂိုး နဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ် ကတော့ ဆာလက်ရဲ့ အောင်မြင်မှု ကို ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

“ ဒါက နောက်ထပ် မှတ်တမ်း တစ်ခုပါပဲ။ သူ ဗုဒ္ဓဟူးနေ့မှာ ဒီစံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် သူ ဂုဏ်ယူနေလိမ့်မယ်ဆိုတာတော့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ သူ ပျော်လည်း ပျော်သင့်ပါတယ်။ ခြွင်းချက်မရှိ ကောင်းမွန်တဲ့ နှစ်တစ်နှစ်မှာ လုံးဝ ခြွင်းချက်မရှိ ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါပဲ။ ကျွန်တော်တို့ အလုပ်အတူတူ တွဲလုပ်တဲ့ အချိန်က စတင်ပြီးတော့ တော်တော်များများကို ကျွန်တော်တို့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ကြပါတယ်။ သူ အသင်းကို အတော်လေး ကူညီပေးခဲ့ပါတယ်။ ပြီးတော့ အသင်းရဲ့ ကူညီမှုတွေကိုလည်း သူ အသိအမှတ်ပြုပါတယ်။ အကယ်၍သာ ကျွန်တော်တို့မှာ ဆာလက်တစ်ဦးတည်း ရှိမယ်ဆိုရင် သူရရှိထားတဲ့ သွင်းဂိုးအရေအတွက် က ကျွန်တော်တို့ အသင်း အောင်မြင်ဖို့ အတွက် လုံလောက်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်းအတွက် ဂိုးသွင်းယူပေးကြတဲ့ တခြား ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲ့ဒါကသ အသင်းကို အတော်လေး အောင်မြင်စေတာပါ။ ဒါပေမယ့် ဆာလက် က လုံးဝ ခြွင်းချက်မရှိ ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ။ အဲ့ဒါကို ဘယ်သူမှ သံသယ မဝင်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ခင်ဗျား အနေနဲ့ သူက ခြွင်းချက်မရှိတဲ့ ကစားသမားဆိုတာ ယုံဖို့အတွက် ကိန်းဂဏန်းတွေ လိုတယ်ဆိုရင်လည်း သူက ရအောင် ယူပြပါလိမ့်မယ် ” လို့ဆိုကာ ချီးကျုးသွားခဲ့ပါတယ်။