လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ဘရိုက်တန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပေမယ့်လည်း ပွဲချိန်ပြည့်မကစားခဲ့ရပဲ ဒုတိယပိုင်းအရောက်မှာတော့ သူ့ကို နည်းပြယာဂင်ကလော့က ဆာဒီယိုမာနေးနဲ့ လူစားလဲခဲ့ခြင်းက စိတ်ပျက်ခဲ့ရပြီး ကွင်းအတွင်းကနေ အရန်ခုံကို သွားရောက်နေစဉ်အတွင်း ကလော့ရဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ အမှုအယာတွေ လုပ်ပြခဲ့သလို ကလော့နဲ့လည်း နှုတ်ဆက်ခြင်းပါ မပြုလုပ်ခဲ့တာကို ပွဲကြည့်သူတိုင်း မြင်တွေ့ကြလိုက်မှာပါ။

Photo Credit : SPORTbible

ပွဲအပြီးမှာတော့ နည်းပြကလော့က သူအနေနဲ့ မကြာသေးခင်ကမှ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ရတဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာကို အသင်းရဲ့ ပွဲကျပ်တွေကြောင့် ထိခိုက်ဒဏ်ရာ မရစေဖို့အတွက် အနားပေးဖို့ ဆုံးဖြတ်လိုက်ရတာလို့ ရှင်းပြခဲ့ပြီး ဆာလာဘက်က ဘာကြောင့်ဒီလိုပြုမှုရသလဲဆိုတာတော့ သူနားမလည်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဘမ်းစ်က “ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘယ်ကစားသမားကမှ သူလူစားလဲခံရတာကို ပျော်ရွှင်မိမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် သူတို့တွေ ဘာကြောင့်ဒီလိုဖြစ်ရသလဲ”

Photo Credit : Liverpool

“မိုဆာလာလို ကစားသမားမျိုး ဘောလုံးကစားနေရတာကို နှစ်သက်လွန်းတဲ့ ကစားသမားမျိုး သွင်းဂိုးတွေ သွင်းယူဖို့ ဆာလာလောင်လွန်းနေတဲ့ ကစားသမားမျိုးကတော့ ဒီလို လူစားလဲခံရမျိုးကို သဘောကျမှာ မဟုတ်ဘူးလေ။ သူစိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်ဆိုတာကလည်း သူအနေနဲ့ ဒီတစ်ပွဲလုံးကို ဆက်လက်ကစားချင်နေလို့ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဆာလာက လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ကိုဗစ်ကူးစက်ခံထားရတာကိုတော့ မေ့ထားလို့မရပါဘူး။ ဒါက အရေးကြီးပါတယ်။ လူတိုင်းကလည်း ဆာလာအနေနဲ့ ကြံခိုင်မှုပြည့်ပြည့်ဝဝနဲ့ ပြန်ကစားနိုင်မလားဆိုတာကိုပဲ သိချင်နေကြတာ။ ဒါတွေက တကယ့်ကို အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဆာလာက ပွဲချိန်ပြည့် ပါဝင်ရခြင်း မရှိသေးတာပါ။ ကလပ်အသင်းဘက်ကနေလည်း သူ့ကို ပုံမှန်အနေအထား ပြန်ရောက်ချိန်အထိကို သေချာပေါက် ကာကွယ်ပေးသွားချင်နေမှာပါ။ ကလော့အနေနဲ့ကလည်း သူရဲ့ကစားသမားအတွက် တကယ့်ကို အရေးကြီးတဲ့ အရာတစ်ခုကို လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒီကိစ္စကိုတော့ ကျွန်တော်ကတော့ ပူပန်စရာတစ်ခု စိုးရိမ်စရာ ပြသာနာတစ်ခုလို့တော့ မမြင်မိပါဘူး။ အရိုးသားဆုံး ပြောရရင်တော့ ဆာလာဘက်ကရော ကလော့ဘက်ကပါ ဒီဖြစ်ရပ်ကို မေ့ထားလောက်ပြီလို့တောင် ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။