အယ်နီနီကတော့ အီဂျစ် လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ဆာလတ်ဟာ ရီးရဲလ် တိုက်စစ်မှူး ဟာဇက်ကို ကြည့်ပြီး ရီးရဲလ်အသင်းကို မပြောင်းသင့်ဘဲလီဗာပူးလ်အသင်းမှာပဲ ဆက်နေသင့်တယ်လို့ အကြံပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့လည်း ရီးရဲလ်အသင်းကို ရောက်ရှိသွားခဲ့တဲ့ အချိန်မှာ ခြေစွမ်းကျဆင်းလာခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်ကလို ခြေစွမ်းမျိုး အခုထက်ထိ ပြန်မရသေးလျက် ရှိပါတယ်။

Photo Credit: Goal

ဆာလတ်ဟာ (၂၀၁၇) ခုနှစ်မှာ လီဗာပူးလ်အသင်းကို ရောက်လာခဲ့စဉ်ကတည်းက ခြေစွမ်းပြသလျက် ရှိနေပြီး လက်ရှိမှာတော့ လာလီဂါ အသင်းကြီး (၂) သင်းဖြစ်တဲ့ ရီးရဲလ်အသင်း နဲ့ ဘာစီလိုနာအသင်းက သူ့ကို စိတ်ဝင်စားလာကြပါတယ်။ ဖာနာဘာချီအသင်းမှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ် ကွင်းလယ်လူ အယ်နီနီကတော့ ဆာလတ်အနေနဲ့ ဟာဇက်ကို ကြည့်ပြီး ရီးရဲလ်ကို မပြောင်းသင့်ဘဲ လီဗာပူးလ်မှာသာ ဆက်နေသင့်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

အယ်နီနီက “ဆာလတ်က လီဗာပူးလ်အသင်းမှာ ကြယ်ပွင့်ပါ။ တကယ်လို့ ကျွန်တော်ကသာ သူ့နေရာမှာ ဆိုရင် လီဗာပူးလ်အသင်းမှာပဲ နေမှာပါ။ ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းကနေ ပြောင်းသွားပြီးတဲ့ အချိန်မှာ ရီးရဲလ်အသင်းမှာ ရုန်းကန်နေရတာကို မြင်ကြမှာပါ။ သေချာတာက ရီးရဲလ်အသင်းက လီဗာပူးလ်အသင်းထက် ပိုကြီးမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းက လီဗာပူးလ်အသင်းအထက် ပိုကြီးမှာပါ။ ဒါပေမဲ့ ဆာလတ်က သူ့ရဲ့ လက်ရှိအသင်းမှာ အခြေကျနေပါပြီ။ ဒီလီဗာပူးလ်အသင်းကလည်း အကောင်းဆုံး အဆင့် ရောက်နေပါပြီ။ ဆာလတ်အနေနဲ့ သူ့ရဲ့ စိတ်ထဲမှာ ဘယ်လို တွေးမိမလဲ ဆိုတာကို ကျွန်တော် မသိပေမဲ့လည်း ကျွန်တော်သာ ဆိုရင် လီဗာပူးလ်အသင်းမှာပဲ နေမှာပါ။ လီဗာပူးလ်ဖန်တွေက သူ့ကို ချစ်ကြတယ်”လို့ ပြောပါတယ်။