ဒီရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာအနေနဲ့ သူထုတ်ဖော်ပြောဆိုခဲ့တဲ့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ထက် ၂၀၁၈ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက အဖြစ်အပျက်တွေကြောင့် ရီးရဲလ်အသင်းကို မုန်းတီးနေသင့်တယ်လို့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဂျွန်အယ်ဒရစ်ချ်က သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဆာလာဟာ မစ်ဂျေးလန်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်တာဝန်ကို မရယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံထားခဲ့သလို အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာအသင်းတွေဆီ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ စကားတွေကို ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် သူရဲ့အနာဂတ်က စတင်လှုပ်ခတ်လာနေပြီလို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဆာလာကို လီဗာပူးလ်အသင်း ကစားသမားဟောင်းကြီး အယ်ဒရစ်ချ်က ဆာလာအနေနဲ့ ရီးရဲလ်မှာ သွားရောက်ကစားဖို့ထက် ရီးရဲလ်ကိုသာ မုန်းတီးနေသင့်တယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit : Goal

အယ်ဒရစ်ချ်က “ သင်က ဆာလာလို အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးဆိုရင် သင့်အနေနဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာတို့လို အသင်းမျိုးတွေရဲ့ ချိတ်ဆက်မှုတွေကို အမြဲလိုလို ရရှိနေမှာပဲလေ။ ဟယ်ရီကိန်းလည်း စပါးအသင်းကနေ ဒီလိုအသင်းမျိုးတွေဆီကို ရောက်ရှိသွားမယ့် နောက်ထပ်ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်။ ဆာဒီယိုမာနေးဆိုရင်လည်း ဒီအကြောင်းတွေကို ပြောဆိုခဲ့ဖူးသေးတယ်။ ကျွန်တော်တို့တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ကစားသမားအကြောင်းကို ပြောဆိုနေတာပါ။ ဆာလာ မာနေးတို့က အမြဲတမ်း ရီးရဲလ်လို အသင်းမျိုးနဲ့ သတင်းတွေ ထွက်နေမှာပဲ။ ဒါပေမယ့် Personal ဆန်တဲ့ အတွေးနဲ့ ပြောမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတုန်းက ရာမို့စ် သူ့ကို လုပ်ခဲ့တဲ့ လုပ်ရက်တွေအတွက် ကျွန်တော်သာဆိုရင်တော့ ရီးရဲလ်အသင်းအပေါ် မုန်းတီးမိမှာပဲ။ ဒါက အကြောင်းပြချက်သက်သက်လို့ ထင်နိုင်ပေမယ့် လီဗာပူးလ်ကနေ ဘယ်နည်းနဲ့မှ မထွက်ခွာသင့်ဘူး။ သူ့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လမ်းပြခဲ့တဲ့ နည်းပြအပေါ်ကိုလည်း ယုံကြည်မှုထားရမယ်။ လက်ရှိအချိန်မှာက ကစားသမားတွေရဲ့အာဏာက ကြီးမားနေကြပြီ။ သူတို့သာ အသင်းပြောင်းချင်တယ်ဆိုရင် ပြောင်းသွားကြတာပဲ။ ဒါပေမယ့် ဆာလာ မာနေး ဖာမီနိုတို့ရဲ့နေရာမှာ တခြားကစားသမားတွေနဲ့ အစားထိုးတာမျိုးတော့ သင်လုပ်ချင်မှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။