လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျရေမီ ဆောင်းနက်စ်ကတော့ ဘရိုက်တန်အသင်းကို လီဗာပူးအသင်းက အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ လီဗာပူးအသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ ဆာလက်ဟာ ယခင်ကထက် ပိုမို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမား ဖြစ်လာပြီလို့ ဝေဖန်သုံးသပ် သွားခဲ့ပါတယ်။ အီဂျစ်အသင်းခေါင်းဆောင် ဖြစ်တဲ့ မိုဟာမက် ဆာလက်ဟာ မာနေး ၊ ဖာမီနို တို့နဲ့ တွဲဖက်ကာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေ အများကြီး သွင်းယူပေးထားတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်သလို ဘရိုက်တန်အသင်းကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း လီဗာပူးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးစလုံးနဲ့ ပတ်သတ်မှု ရှိခဲ့သူပါ။

Photo Credit: Express

ဆာလက်ဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် အဖွင့်ဂိုးနဲ့ ပွဲသိမ်းဂိုးကို ပွဲကစားချိန် ၆မိနစ်နဲ့ ၇၆မိနစ်တို့မှာ သွင်းယူပေးခဲ့သလို ပွဲကစားချိန် ၈မိနစ်မှာ သွင်းယူခဲ့တဲ့ ဟန်ဒါဆန်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင် ခဲ့ပါတယ်။ ဘရိုက်တန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၅မိနစ်မှာ ထရော့ဆပ် က သွင်းယူခဲ့တာပါ။ ဆာလက်ဟာ ဘရိုက်တန် အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေး နှစ်ကြိမ် ၊ သုံးကြိမ်ခန့်ကို တွဲဖက် တိုက်စစ် ကစားသမားတွေဆီ ပေးပို့ခြင်း မရှိပဲ ကိုယ်တိုင် အဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆာလက်ရဲ့ အဆိုပါ တစ်ကိုယ်တော် ဂိုးရရှိဖို့ ကြိုးစားမှုနဲ့ ပတ်သတ်ပြီး ဆောင်းနက်စ်က သဘောကျခြင်း မရှိပဲ ဆာလက်ဟာ အရမ်းကို တစ်ကိုယ်ကောင်း ဆန်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။

Photo Credit: Express

ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ဆာလက်ရဲ့ အနေအထားနဲ့ ပတ်သတ်ပြီး ဆောင်းနက်စ်က ” သူက ဒီနေ့ပွဲစဉ်မှာ ပွဲစကတည်းက ကွင်းထဲမှာ ရှိနေတဲ့သူပါ။ ကျွန်တော်ကတော့ သူ့အတွက် ရွှေဖိနပ်ဆုဟာ အတော်လေး အရေးကြီးနေပြီ လို့ ထင်ပါတယ်။ ပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ သူရှိနေတဲ့ အချိန် တခြားသူတွေက သူ့ကို ဘောလုံးမပေးတ​ဲ့ အခါ သူဖြစ်ပျက်သွားတဲ့ ပုံစံတွေကို ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ သူဟာ ဂိုးသွင်းခွင့်တိုင်းကို ကန်ဖို့ ကြိုးစားခဲ့ပြီး အခြေအနေ နှစ်ခု ၊ သုံးခုမှာတော့ သူ့ရဲ့အသင်းဖော်တွေက သူ့ရဲ့ အပြုအမူတွေ အတွက် ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆာလက်ဟာ အမြဲတမ်း တစ်ကိုယ်ကောင်း ဆန်တဲ့ ကစားသမားပါ။ ဒီညမှာတော့ သူက အတော်လေး တစ်ကိုယ်ကောင်း ဆန်ခဲ့ပါတယ်။ သူက ရွှေဖိနပ်ဆုကို အတော်လေး လိုချင်နေတဲ့ ပုံစံမှာ ရှိပါတယ် ” လို့ ဝေဖန်သွားခဲ့တာပါ။