လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက မနေ့ညက အီတီဟတ်ကွင်းမှာ အိမ်ရှင် မန်ချက်စတာ စီးတီးကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ဒီရာသီမှာ လီဗာပူးလ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ ဆာလာဟာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဆိုဘော့ဇ်ဆလိုင်းရဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ လီဗာပူးလ်ပလည်း ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ်(၁၁)ပွဲသာ ကျန်ရှိနေတော့တဲ့အချိန် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ (၁၁)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဆာလာဟာ သူ့ရဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တာ (၅)နှစ်နီးပါး ကြာမြင့်ခဲ့ပြီး အီဂျစ်ကြယ်ပွင့်က ဒီရာသီမှာ သူတို့ အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ဆာလာကို Sky Sports က လက်ရှိ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးအဆင့်ကို ကစားနေသလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အသက်(၃၂)နှစ်အရွယ် ကစားသမားက အင်္ဂလန် ချန်ပီယံဆုကို ရရှိတာကသာ အရေးကြီးဆုံးအရာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
“ကျွန်တော် မသိဘူး။ ဒါက ထင်မြင်ချက်ပါ။ လူတွေက ကျွန်တော့်ရဲ့ ပထမရာသီတွေ ဒါမှမဟုတ် အခုအချိန်ကို ပိုကြိုက်ကောင်း ကြိုက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုအချိန်ကို ပိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ လိဂ်ကို အနိုင်ရရှိတာနဲ့ လူငယ်ကစားသမားတွေကို ကူညီပေးတာက အထူးခြားဆုံးပါ။” လို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ နောက်ထပ် ချန်ပီယံဆု လိုအပ်ပါတယ်။ ကျွန်တော်နဲ့ အသင်းထဲက အကြီးတန်း ကစားသမားတွေက နောက်ထပ် ချန်ပီယံဆု လိုအပ်ပါတယ်။”
Photo Credit : Goal
ဆာလာဟာ ဒီရာသီ လိဂ်ပွဲစဉ်(၂၇)ပွဲမှာ မယုံနိုင်လောက်စရာ ဂိုး(၂၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၆)ကြိမ်အထိ ရှိနေပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာပြီးနောက် သူ့ရဲ့ အကောင်းဆုံးရာသီနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ကွာဟနေပါတယ်။ ဒါပေမယ့် သူဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ဒါဟာ သူ့ရဲ့ ကလပ်မှာ နောက်ဆုံးနှစ်လည်း ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆာလာနဲ့ သူ့အသင်းဖော်တွေဟာ နောက်ဆုံး အနိုင်ရရှိမှုအပြီး အနားယူဖို့ အချိန်သိပ်မရှိဘဲ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမှတ်ပေး လိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ဟာ မတ်လထဲမှာ ခါရာဘောင် လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အဖြစ်ပါ ထပ်မံ ယှဉ်ပြိုင်သွားရပါဦးမယ်။