လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာက လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကစားပုံ မကောင်းခဲ့ပေမယ့် comeback ရလဒ်နဲ့ အနိုင်ရခဲ့တာက ချန်ပီယံတွေရဲ့ အရည်အချင်းလို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ လီဗာပူးလ်ဟာ မနေ့က နိုင်ပွဲကြောင့် ဒုတိယနေရာက အာဆင်နယ်နဲ့ (၁၆)မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်က ပထမပိုင်းထဲ ဦးဆောင်ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ နူးညက်ဇ်က ချေပဂိုး ပြန်သွင်းခဲ့သလို ဆာလာကလည်း ပင်နယ်တီနှစ်ကြိမ် သွင်းယူခဲ့ပြီး ပြန်လည် တွန်းလှန်အနိုင်ရခဲ့ပါတယ်။
Photo Credit : The Independent
ပွဲအပြီးမှာ Premier League Productions ဆာလာကို လီဗာပူးလ်က ချန်ပီယံဆန်တဲ့ အရည်အသွေးကို ပြသခဲ့သလားလို့ မေးခဲ့ရာ ဆာလာက “ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်လို့ မထင်ဘူး။ ဒုတိယပိုင်းမှာ နည်းနည်းတော့ ပိုကောင်းလာခဲ့ပေမယ့် ပထမပိုင်းမှာတော့ လုံးဝ မကောင်းခဲ့ဘူး။”
“ဒါပေမယ့် ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ကို အနိုင်ရချင်တယ်ဆိုရင်၊ ဒီလို ပွဲတွေကို အနိုင်ရဖို့ လိုတယ်။” ဖြေဆိုခဲ့ပြီး ပထမပိုင်းအပြီး နည်းပြစလော့က ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတဲ့ မေးခွန်းကို ဆာလာက “နည်းနည်း စိတ်ပျက်စရာတွေ ရှိခဲ့တယ်။ နည်းပြရဲ့ ခေါင်းထဲမှာ ဒေါသတွေ ရှိနေတယ်။ သူက ကျွန်တော်တို့ကို ပြစ်တင်ပြောဆိုခဲ့တယ်။”
Photo Credit : beIN SPORTS
“ဒါပေမယ့် ဒီလို အရာမျိုးက တစ်ခါတလေ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ပထမပိုင်းမှာ ပွဲက ပေါ့ပေါ့ဆဆ ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ နှေးကွေးနေခဲ့တယ် အချိန်တွေ ယူခဲ့တယ်။ နောက်ဆုံးမိနစ်မှာတော့ သူတို့က ဦးဆောင်သွားနိုင်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော်တို့မှာ အတွေ့အကြုံ ပိုရှိလာပြီ။ ဒီလို အခြေအနေကို ကိုင်တွယ်နိုင်တယ်။ အဲဒါကို လုပ်နိုင်ခဲ့တာ ဝမ်းသာပါတယ်။” လို့ ဖြေဆိုလိုက်ပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းက လက်ကျန်ပွဲ (၂)ပွဲကစားဖို့ ရှိနေပြီး ဒီကနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်အပတ်မှာ ချယ်ဆီးနဲ့ ကစားဖို့ ရှိနေသေးပေမယ့် အာနီ စလော့ရဲ့ အသင်းဟာ ချန်ပီယံဖလားကို အပြီးသတ်ရယူဖို့ နောက်ထပ် (၁၆)မှတ်ပဲ လိုတော့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ရဲ့ အဓိက ကစားသမား ဆာလာဟာလည်း ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။