MySport Myanmar

ပရီးမီးယားလိဂ် ချန်ပီယံ ထပ်မံ ဖြစ်လာဖို့ စိတ်ကူးထားတယ်လို့ ဆိုလိုက်တဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့ အားအထားရဆုံး တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာက ဒီနှစ်ဘောလုံးရာသီမှာ မတူခြားနားတဲ့ ခံစားချက်မျိုးကို ခံစားနေရသလို ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကိုလည်း နောက်တစ်ကြိမ် ထပ်မံ ရယူသွားနိုင်ဖို့ပါ စိတ်ကူး အိမ်မက်ထားတယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်က ဒီရာသီမှာ နည်းပြကြီး ယာဂန် ကလော့ပ်နေရာ နည်းပြသစ် အာနယ် ဆလော့ ဝင်ရောက်လာခဲ့ပြီးနောက် ဘယ်သူ့မှ မထင်ထားလောက်အောင် ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်များနဲ့ ပြိုင်ပွဲစုံမှာ ရှုံးပွဲ (၁)ပွဲတည်းသာ ရှိထားသလို ဆုဖလား (၄)လုံး လမ်းကြောင်းပေါ်မှာပါ ရပ်တည်လျက်ပင် ရှိလို့နေပါတယ်။

Photo Credit : Goal

ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်က ဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်နေရင်း ရာသီဝက် ချန်ပီယံပါ ဖြစ်လာခဲ့သလို နည်းပြသစ် ဆလော့လက်ထက်မှာပဲ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့က အလားအလာ အလွန်ကောင်းနေရပါတယ်။ ဒါ့အပြင် ဆာလာကလည်း ဒီရာသီမှာ လီဗာပူးလ်အတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး အသင်းအတွက် ရှယ်အကျိုးပြုနိုင်ပါတယ်။

တကယ်ဆို ဆာလာက ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကိုလည်း အသင်းဘက်က သက်တမ်းတိုးတာတွေ သေသေချာချာ လုပ်ဆောင်နေခြင်း မရှိသေးပေမယ့်လည်း ဆာလာကတော့ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ပဲ သူ့အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : NewsLooks

“အရေးအကြီးဆုံး အရာကတော့ အသင်း နိုင်ပွဲရရှိဖို့ပါပဲ။ နောက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို ရယူနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒါက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လက်ရှိမှာ တစ်ပွဲစီတိုင်းကို အာရုံစိုက်ထားသလို အဲ့ဒီအတိုင်း ဆက်သွားနိုင်ဖို့လည်း မျှော်လင့်တယ်။ ဒီနှစ် ဘောလုံးရာသီမှာတော့ မတူကွဲပြားမှုတွေကို ခံစားနေရပါတယ်။”

“ဒါပေမယ့် အရေးအကြီးဆုံး အရာကတော့ ကျွန်တော်တို့တွေ နှိမ့်ချနေတက်ဖို့ လိုပါတယ်။ အသင်းအတွက် အရမ်းကို ထူးခြားမှု ဖြစ်နေစေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကျွန်တော်တို့ ရယူနိုင်ဖို့ မျှော်လင့်ထားသလို ဒါကလည်း ကျွန်တော် စိတ်ကူးအိမ်မက်ထားတဲ့ အရာတစ်ခုပါပဲ။” လို့ ဆာလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version