လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာက သူအနေနဲ့ သူရဲ့ဘောလုံးသမားဘဝကို လက်ရှိကလပ် လီဗာပူးလ်အသင်းမှာပဲ အဆုံးသတ်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပေမယ့် သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူမှာလုပ်ပိုင်ခွင့် အပြည့်အဝကို မရှိကြောင်းကိုပါ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Liverpool Offside

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သလို ဒီရာသီမှာလည်း အသင်းအတွက် သွင်းဂိုးများစွာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆာလာဟာ ၂၀၂၃ခုနှစ်မှာပဲ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို သူရဲ့သက်တမ်းတိုးမယ့် ကိစ္စရပ်ကလည်း လစာပိုင်း ညှိနှိုင်းနေရဆဲ ဖြစ်တာကြောင့် ကြန့်ကြာနေရတာဖြစ်ပြီး ဆာလာရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးလ်အသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဆာလာက “ခင်ဗျား ကျွန်တော်ကို မေးလာခဲ့မယ်ဆိုရင် ကျွန်တော့် ဘောလုံးသမားဘဝ နောက်ဆုံးနေ့ရက်အထိ ဒီမှာပဲ ဆက်နေချင်တယ်လို့ ကျွန်တော်ဖြေမိမှာ။ ဒါပေမယ့်လည်း ကျွန်တော် ဒီထက်တော့ ပိုပြီးမပြောနိုင်ပါဘူး။ ဒါက ကျွန်တော့်လက်ထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အပေါ်မှာ မူတည်တာ မဟုတ်ပဲနဲ့ ကလပ်အသင်း လိုချင်တဲ့အရာပေါ်မှာသာ မူတည်တာပါ။ အခုလက်ရှိမှာ ကျွန်တော့်ကိုယ်ကျွန်တော် လီဗာပူးလ်အသင်းနဲ့ ယှဉ်ကစားနေရတယ်ဆိုတာမျိုးကို မမြင်နိုင်သေးဘူး။ အဲ့ဒါက ကျွန်တော့်ကို အရမ်းဝမ်းနည်းမိစေမှာပါ။ ဒါက အလွန်ခက်ခဲတယ်။ ကျွန်တော် ဒီအကြောင်းကို မပြောချင်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ကို တကယ်ဝမ်းနည်းမိစေမှာပါ။ ဒါပေမယ့်လည်း အနာဂတ်တွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆာလာဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမယ့် သူရဲ့တစ်ပတ်လုပ်ခကိုတော့ အနည်းဆုံး ပေါင်(၄)သိန်းလောက်အထိ အလိုရှိနေပါတယ်။