ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ သူက လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးဖို့ နီးစပ်နေတဲ့ သတင်းတွေဟာ မှားယွင်းတဲ့ သတင်းတွေသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်သလို လီဗာပူးနဲ့ အီဂျစ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Telegraph

ဆာလာဟာ ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅၇ကြိမ် ပြုလုပ်ထားနိုင်ကာ ချန်ပီယံလိဂ် ဆုဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ဆုဖလား ၁ကြိမ်တို့ကို ရယူထားနိုင်သူပါ။

ဒါကြောင့်ပဲ လီဗာပူး ပရိသတ်တွေက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းကို ဖိအားပေး တောင်းဆိုနေတာ ဖြစ်ပြီး လီဗာပူးအသင်း ကတော့ စာချုပ်သစ် အတွက် ဆာလာ တောင်းဆိုထားတဲ့ တပတ် လုပ်ခလစာ ပေါင် ၄သိန်းကို ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Telegraph

ပြီးခဲ့တဲ့ရက်ပိုင်းမှာ လီဗာပူးဟာ ဆာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ ကောလဟာလ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ယမန်နေ့မှာတော့ ဆာလာက လီဗာပူးနဲ့ စာချုပ်သက်တမ်း တိုးဖို့ နီးစပ်မှု မရှိသေးကြောင်းနဲ့ သူ့ဘက်က ဘာလိုချင်လဲ ဆိုတာကို လီဗာပူးရဲ့ တာဝန်ရှိသူတွေထံ ရှင်းရှင်းလင်းလင်း ပြောကြားထားကြောင်း ဆိုပါတယ်။

ဆာလာက – “ကျွန်တော်နဲ့ လီဗာပူးတို့ ကြားမှာ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး ဘာကိုမှ သဘောတူညီမှု မရသေးပါဘူး။ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စက လီဗာပူးအသင်း အပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော့်ဘက်က ဘာလိုချင်လဲ ဆိုတာကို သူတို့တွေ သိထားကြပါတယ်။ ဒါကြောင့် ဘာတွေဖြစ်လာမလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်တာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။